အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 13, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁၁)



    အမြှုပ်ပွက်ကလေးဖြစ်ပြီး၊ ၇-ရက်လောက်ရင့်မာကြီးမားပြီးနောက်၊ နီနီထွေးထွေး၊   အသားတစ်လေးအဖြစ်
ရောက်ရှိလာ၏။ နီနီထွေးထွေး အသားတစ်ပျော့အိအိလေးမှ၊  ၇-ရက်လောက်ခန့်  ကြီးမားပြီးနောက်၊   ကြက်ဥ ကဲ့သို့ ရှည်လျှားလျှား ပုံသဏ္ဍာန် ပေါ်ထွက်လာကာ၊ မာမာခက်ခက် အသားကလေးအဖြစ်သို့၊  ရောက်ရှိလာ၏။  ရက်သတ္တလေးပတ် တလသား အရွယ် အမိဝမ်းတွင်းတွင်၊ ကိုယ်ဝန်ဖြစ်ပေါ်လာခြင်းဖြစ်၏။
    ကြက်ဥကဲ့သို့ ရှည်လျှားလျှား ပုံသဏ္ဍာန် မာမာခက်ခက် ၇-ရက်လောက် ကြီးပွားရသောအခါ၊ ဦးခေါင်း လက် နှစ်ဖက် ခြေနှစ်ဖက်တို့ ဖြစ်ဖို့ရာ အဖုကလေးတွေ ပေါ်ပေါက်လာ၏။ ဤ ဦးခေါင်း လက်ခြေများသည်၊ သစ်ပင်၏ အကိုင်းအခက်များ ကဲ့သို့၊ ခန္ဓာကိုယ်၏ အကိုင်းအခက်များဖြစ်သောကြောင့် ခက်မငါးဖြာဟု ခေါ်ဝေါ်ကြလေ၏။   ၇-ရက်ကြာလျှင် ဤရင်သွေး ငယ်သည်၊ ၅-ပါတ်-၃၅-ရက်သားရှိလေပြီ။
     ဤပြခဲ့သောအစဉ်အတိုင်း၊  တရွေ့ရွေ့ ကြီးရင့်လာခဲ့ရာ၊   ၁၁-ပါတ် -ရက်အားဖြင့် ၇၇-ရက်သို့ရောက်ရှိလာ သောအခါ၊မျက်စိ နား နှာခေါင်း လျှာ လူ့ခန္ဓာကို အင်္ဂါအစိတ်ပိုင်းတွေ တဖြေးဖြေး ပီပီပြင်ပြင် ပုံပေါ်လာတော့၏။ ၁၁-ပါတ်မှ ၄၂-ပါတ် အတွင်း ရက်အားဖြင့် ၇၇-ရက်မှ ၂၉၀-ရက်အတွင်း ဦးခေါင်းရေခွံ မာလာသောအခါ၊ ဆံပင် များထွက်ရှိလာ၏။ ၇-လတွင်ဖွား မြင်သောရင်သွေးငယ်သည် နုနယ်သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရ၏။  ၈-လ၊ ၉-လ ၊၁၀-လ၊ ဖွားမြင်သော၇င်သွေး ငယ်များ၏ အသက်အန္တရယ်သည် ၊မစိုးရိမ်ရချေ။  မိခင်ရင်တွင်း ရင်သွေးငယ် ပဋိသန္ဓေ နေခဲ့ရပုံကို သိစေခြင်းဖြစ်၏။
     ရင်သွေးငယ် ကလလရေကြည် စတည်ချိန်မှစ၍ မိခင်စားသော အစာမှ သြဇာပျံ့နှံ့ကာ ရင်သွေးငယ်ကို ကြီး ထွားဖွံ့ဖြိုးစေ၏။ မိခင်၏ ကိုယ်ငွေ့ဖြင့်လည်း ရင်သွေးငယ်  ကြီးပွားခြင်းကို အထောက်အပံ့ပေး၏။ ၂-ပါတ်ကျော် လာသော ရင်သွေးငယ်၏၊ ချက်ကြိုးပေါက်နှင့် မိခင်၏ ၀မ်းရေတို့ ဆက်သွယ်လေ၏။ ထိုချက်ကြိုးသည် ကြာရိုး ကဲ့သို့ အပေါက် အပေါက် ကလေးတွေရှိ၏။  မိခင်စားသောအစာမှ  အရသာရည်သည်၊  ထိုချက်ကြိုးပေါက်တို့မှ ရင်သွေးငယ်၏၊ ကိုယ်၌ စိမ့်ဝင်လျှက်၊ သြဇာပျံ့နှံ့ကာ၊ ရင်သွေးငယ် ဖွံ့ဖြိုးကြီးထွားလာရခြင်းဖြစ်၏။
    မွေးမိခင်သည်၊ မိမိရင်သွေးငယ်၊ လူ့ဘ၀ကို ချောချောမွေ့မွေ့  ရောက်ရှိလာရေးအတွက်၊  ကလလ ရေကြည် စတည်ချိန်မှစ၍၊ မိခင်စိတ်အပြည့်အ၀ဖြင့်၊ အနေအထိုင်လည်း ဆင်ခြင်ရ၏။ အစားအသောက်လဲ ချင့်ချိန်ပြီးစား သောက်ရ၏။ အချဉ် အစပ် စားပြန်ရင်လည်း၊ ရင်သွေးငယ် ချဉ်စပ်မှာစိုးရိမ်ရ၊ အပူ အအေး စားရင်လဲ၊ ရင်သွေး ငယ် ပူအေးမှာ စိုးရိမ်ရနဲ့၊ ရင်သွေး အတွက် မိမိခန္ဓာကိုယ်ရဲ့ ဆန္ဒတွေကို လျှစ်လျှူရှုကာ၊ အနစ်နာခံခဲ့တာလဲ အကြိမ်ကြိမ်ဖြစ်၏။
      မွေးမိခင်သည်၊ သန္ဓေသား ရင်သွေးငယ်ကို၊ ၇-၈-၉ -လတိုင်တိုင် လွယ်ထားရသောအချိန်သည်၊ အင်မတန် ပင်ပန်း နွမ်းနယ်လေ၏။ ကြာရှည်ထိုင်ရင်လဲအစဉ်မပြေ၊ ကြာရှည်ရပ်ရင်လဲ အစဉ်မပြေသောဘ၀ပါ ကိုယ်ဝန်ရင့် လာချိန်တွင်၊ ရင်သွေးငယ်၏  ရုန်းကန်လှုပ်ရှားမှုကိုလည်း၊  အလူးအလဲခံစားရပြန်၏။  မွေးဖွားချိန် နီးလာလေ လေ၊ မိခင်ခံစားမှုတွေ ပြင်းထန် လာလေလေဖြစ်၏။
    ယောင်္ကျားဖောင်စီး မိန်းမမီးနေဟု ဆိုရိုးစကားရှိ၏။ ယောင်္ကျားတွေ မြစ်ချောင်းတွင် ဖောင်ဖွဲ့ပြီး သွာလာခြင်း သည်၊ အသက်အန္တရာယ်များသလို၊ မိန်းမတွေ မီးဖွားခြင်း မီးနေခြင်းသည်၊ အသက်အန္တရာယ်နှင့်၊ အလွန်နီးစပ် သည်ဟု ဆိုထားခြင်းဖြစ်၏။ မိမိရင်သွေးလေး လူ့လောကကြီးထဲကို ချောချောမွေ့မွေ့ ကောင်းမွန်စွာ ရောက်ရှိ လာဖို့ အမေသည် သေမင်းနှင့် စစ်ခင်းကာမွေးဖွားပေးရ၏။ မိခင်၏အသက်နှင့် ရင်းနှီးပြီးမွေးဖွားပေးရခြင်းဖြစ်၏။
     မဟာပထ၀ီမြေကြီးသည်၊ အသက်အသေခံပြီး လူသားတယောက်ကို၊ မွေးဖွားပေးမည်မဟုတ်၊ အမေသည် သာ ရင်သွေးအတွက် အသက်စွန်ဝန့်သူဖြစ်၏။ အမေသည်သာ ရင်သွေးအတွက် သေရဲသူဖြစ်၏။  မဟာပထ၀ီ မြေကြီးနှင့် အမေ့မေတ္တာ နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင်   မဟာပထ၀ီမြေကြီးသည်  အလိုလို သိမ်ငယ်သွားကာ    လက်သဲခွန်လောက်သာ ကျန်တော့သည်ဟု ဆိုထားခြင်းဖြစ်၏။
 

Type your summary here. Type the rest of your post here.

No comments: