အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, July 31, 2008

ဘိုကလေးမြို့နယ်(လူ-၃၀၀ကျော်သေ)ကပ္ပနားကျေးရွာခရီးစဉ် စတုတ္ထပိုင်း၊၄-၆-၀၈၊ Kappanarr,Villages,(300,Penple,Die,)Bogale,Township,Irrawaddy,Division,


ဘိုကလေးမြိုနယ်-စတုတ္ထပိုင်း
ဘုန်းကြီးတို့စီးလာသော ဆန်းသစ်လှိုင်သင်္ဘောသည် ဘိုကလေးမြို့နှင့် မိန်းမလှကျွန်းတ၀ိုက်ကို လိုင်းစွဲနေသော သင်္ဘောဖြစ်၏ နာဂစ်မုန်တိုင်းတိုက်စဉ်အခါက ဤသင်္ဘောလည်းနာဂစ်ဒါဏ်ကို အလူးအလိမ့်ခံစားခဲ့ရ၏။ မိန်းမလှကျွန်းပတ်ဝန်းကျင်တွင် ဖြစ်ပေါ်ခဲ့သော ဆန်းကြယ်၍ စိတ်ဝင်စား ဖွယ်ကောင်းသော ဇာတ်လမ်းတွေကိုလည်း များစွာကြားသိခဲ့သူဖြစ်၏၊ သင်္ဘောပေါ်တွင် ဆရာတော် တပည့်တော်တို့သင်္ဘောလည်း နာဂစ်မုန်တိုင်းတိုက်စဉ်က ဘိုကလေးအောက်ဘက်တွင် မုန်တိုင်းမိခဲ့ သည်ဟု စကားစလာတော့ ဘယ်လိုရင်ဆိုင်ခဲ့ရသလည်း စိတ်စင်စားစွာနှင့်မေးမိ၏။ သင်္ဘောပိုင်ရှင် လည်း သူတွေ့ကြုံခဲ့ရသည့် ဇာတ်လမ်းပေါင်းစုံကို ဤကဲ့သို့ပြောကြားခဲ့ပါ၏။


ဆန်းသစ်လှိုင်သင်္ဘောသည် မုန်တိုင်းစတိုက်တော့ ဘိုကလေးမြစ်ပေါ်တွင်ရှိနေ၏ သာမန်မုန် တိုင်းတခုဟုထင်တာနှင့် လေတိုက်ရာကို ဦးတည်ပြီးမောင်းနှင်ကာ မုန်တိုင်းကိုအံတုဖို့ကြိုးစားကြ၏ သို့သော်မုန်တိုင်းက မိမိတို့ထင်ထားသည်ထက် ပိုကျမ်းလာသောကြောင့် သင်္ဘောတောင် လေနောက် တဖြေးဖြေးပါလာ၏ ရေတွေကလည်းများစွာတက်လာ၏ ဒီအချိန်မှာ သင်္ဘောပိုင်ရှင် သည် ဆုံဖြတ်ချက်တခုမှန်ကန်စွာချနိုင်ခဲ့၏ သင်္ဘောဝမ်းပိုက်တွင်ရှိသော ရေ၀င်ပေါက်ကိုဖွင့်၍ သင်္ဘောကို ရေထဲနှစ်မြုပ်လိုက်၏ သင်္ဘောသားတွေကိုတော့ တဖွဲ့ကိုခရာတလုံးပေးပြီး ကမ်းပေါ်ကို တက်ကြ၏ တဖွဲ့နှင့်တဖွဲ့ခရာမှုတ်ဆက်သွယ်ကာ လူမကွဲသွာရေးအတွက် အချက်ပြကာကမ်းပေါ် သို့ ကြိုးစားပြီးတက်လေ၏ လေတိုက်နှုံးက ပိုပြီးမြင့်လာသောကြောင့် ရှေ့လှမ်းလိုက် နောက်ပြန်ရောက် လိုက်ဖြင့် နာဂစ်ကိုအံတုကာ မိမိတို့လေအကာကွယ်တခုသို့ရောက်ရှိရေးအတွက် ၂-နာရီ လောက် ကြိုးစားပမ်းစား လယ်ကွက်ထဲတွင် ရှောက်လှမ်းလာမှ လယ်ကွင်းထဲမှ အိမ်တခုကိုတွေ့ရှိရ၏ ထိုအိမ် သို့ဝင်၍ တညတာအကူအညီတောင်းရတော့၏ အိမ်ပိုင်ရှင်တွေလည်း တနေရာတွင်စုပြုံကာ စောင်တွေခြုံလျှက် ပြင်းထန်လှသော လေဒါဏ်ကို ကာကွယ်နေရ၏။

ဒုက္ခသယ်ဖြစ်နေသော မိမိတို့ အိမ်သို့ ဘ၀တူဒုက္ခသည်များထပ်ရောက်လာသောကြောင့် ဖေါ်ရွှေစွာလက်ရပ်ခေါ်၍ မိမိတို့သေတ္တာထဲတွင် သိမ်းထားသော ခြုံစောင်များထုတ်၍ပေးလေ၏ ဒုက္ခ ရောက်သူကို အကူအညီပေးတတ်သော မြန်မာတို့၏ ကျေးတောလက်ဓလေ့သည် အလွန်ချစ်စရာ ကောင်းသောဓလေ့တခုဖြစ်၏ ရောက်လာသည့်ဒုက္ခသည်များအား အိမ်တွင်ရှိသော အစားအစာများ ကို စေတနာထက်သန်စွာ ကျွေးမွေးလေ၏ နာဂစ်လေတ၀ီဝီတိုက်နေသည့်ကြားက ကူညီဆောင် ရွက်ပေးခြင်းဖြစ်၏ သင်္ဘောပိုင်ရှင်အဖွဲ့လည်း ကျွန်တော်တို့ယ္ခုဘယ်ကိုရောက်နေပါသလည်း အိမ်ပိုင် ရှင်ကို မေးကြည့်ရာ ခင်ဗျားတို့ မိန်းမနှစ်ယောက်ယူထားသည့် လယ်ထဲကအိမ်ကိုရောက်နေတာဟု ပြော၏၊ ဒီလောက်လေတိုက်နေသည့်ကြားမှာတောင်အိမ်ရှင်သည် မိန်းမနှစ်ယောက်ရှိကြောင်း ကြွားဖြစ်အောင်ကြွားလိုက်သေး၏ဟု သင်္ဘောပိုင်ရှင်မှရယ်မောစွာပြောလေ၏၊ လေတိုက်ပြီးလို့ မိမိတို့လည်း အိမ်ရှင်နှုတ်ဆက်ပြီး မိမိတို့ညကမြုတ်ထားခဲ့သော သင်္ဘောနေရာကို ပြန်လည်ရှာကြ၏ ညက ၂-နာရီလောက်လာခဲ့ရသောအချိန်သည် ယ္ခု ၁၀-မိနစ်ခန့်လမ်းရှောက်တာနှင့် ရောက်လာ၏ ဟုတ်မှဟုတ်ရဲ့လာလို့ သေသေချာချာ ပြန်ကြည့်တော့လည်း မှားစရာမရှိ အားလုံးကိုမြင်တွေ့နေရ၏ အတော်အံ့သြသွား၏ ညကတော့ ခရီးရှည်ကြီးတခုကိုသွားခဲ့ရသည်ဟုထင်ခဲ့၏ ယ္ခုတော့ မိမိတို့သည် နာဂစ်လေကြောင့် ရှေ့ဝေးဝေးမရောက်ဘဲ ဒီနားမှာသာပတ်ချာလည်ခဲ့ကြောင်းသဘောပေါက်သွား၏ သင်္ဘောကိုပြန်ဖေါ်ကာ ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်ဟု ပြောပြလေ၏။ ဆရာတော်စိတ်ဝင်စား လျှင် တပည့်တော်ကြားသိခဲ့ရသည့် မိန်မလှကျွန်းတ၀ိုက်က ဇာတ်လမ်းတွေ နားထောင်မလားဘုရား ကောင်သားဘဲ နားထောင်တာပေါ့ ။ ကျွနှုပ်သည် ဤသို့ကြားသိခဲ့ရပါ၏။

နာဂစ်မုန်းတိုင်းမတိုက်မှီတနေ့က မိန်းမလှကျွန်းတ၀ိုက်တွင် မိကျောင်းတွေပေါ်တာကို လူတွေ များစွာတွေ့ခဲ့ရ၏ သဘာဝဘေးအန္တရာယ်ကို အသိဥာဏ်ရှိသောလူသားတွေထက် အသိဥာဏ်နည်း သော တိရစ္ဆာန်တွေက ကြိုသိပုံရ၏ ဆူနာမီတုံးကလဲ လူတွေရေလုံးကြီးလာမှာကို မသိခင် တိရစ္ဆာန် တွေကကြိုတင်သိကာ ပြေးလွှားကြကြောင်းကို သိခဲ့ရ၏ ယ္ခုလည်းနာဂစ်မလာမီတရက်က မိကျောင်း တွေ ကြိုသိနေလို့ လှုပ်ရှားနေခြင်းဖြစ်ဟန်တူ၏ နာဂစ်မုန်တိုင်သည် ဘိုကလေးမြို့နယ်တ၀ိုက်သို့ ညမှောင်ရီသန်းချိန်တွင်အစပျိုးကာ တိုက်ခိုက်လာ၏ မုန်တိုင်း အတွေ့အကြုံ နည်းသောပြည်သူတွေ သည် နာဂစ်ကို သာမန် မုန်တိုင်းငယ်တခုအဖြစ်သာ သတ်မှတ်ထားကြ၏ အချိန်တန်ပြီးသွားမှာပါဟု ပေါ့ပေါ့ဆဆ တွေးထားကြ၏ သက်ဆိုင်ရာမှလည်း ကြောက်လောက်အောင် မကြေငြှာပေးခြင်း ပြည်သူတွေကလည်း အတွေ့အကြုံမရှိခြင်း မီဒီယာလောကကိုလည်း မယုံကြည်သူကတမျိုး အကြား အမြင်ဗဟုတနည်းသည်ကမျိုးကြောင့် လူတွေသောက်သောက်လည်း သေဆုံြး့ရခြင်းဖြစ်၏။

အဲဒီလိုသေဆုံးကြသူတွေထဲတွင် မိန်းမလှကျွန်း တဖက်ကမ်းမှ ကျွေးရွာများစွာ ရွာလုံးကျွတ်နီးပါး
သေဆုံးရခြင်းဖြစ်၏ သေကံမရောက် သက်မပြောက်သော ကျိန်ချောင်းကြီးရွာမှ အသက်၅၀-၀န်းကျင် ရှိသော ဆန်းကြယ်သော ဇနီးမောင်နှံ နှစ်ယောက်အကြောင်းကလည်း စိတ်ဝင်စားစရာ ကောင်းလှ၏ နာဂစ်သည် သူတယောက်တည်းလာသည်မဟုတ် သူ့မိတ်ဆွေရေပါခေါ်လာသဖြင့် ၁၂-ပေခန့်မြင့်သော လှိုင်းလုံးကြီးတွေဖြင့် ဒလကျမ်းဝင်လာခြင်းဖြစ် ၏ ရေကိုသာကျွမ်းကျင်ပြီး လေနှင့်ရေ ပူးတွဲဝင်လာမည့်အတွေ့အကြုံမရှိသော ရေပျော်ဧရာဝတီသားဇနီးမောင်နှံသည် မိမိတို့အိမ်ထဲမှာရှိသည်ကို လုံခြုံပြီအထင်ဖြင့် တဦးနှင့်တဦးကွဲမသွားအောင် ဖက် တွယ်ထားကြ၏ နာဂစ်လေခေါ်ဆောင်လာသော ၁၂-ပေခန့်မြင့်သော လှိုင်းလုံးကြီးသည် ကျေးရွာတခုလုံးကိုတိုက်ချ
သွားလေ၏ ဇနီးမောင်နှံလဲ အိမ်ထဲမှလွင့်စင်သွားကာ မြစ်ထဲရောက်သွား၏ မြစ်ထဲတွင် ကြောက်လန့်
တကြား ကူးခတ်ခြင်းဖြင့် ဇနီးမောင်နှံနှစ်ယောက် တွေ့ရာသစ်တုံးကို အားကိုးတကြီး ဖက်ထားကာနာဂစ်ဒါဏ်ကို ကြံ့ကြံ့ခံကာမျှောပါသွားလေ၏ ကမ်းတခုသို့ချေချမိသောအခါမှ ခင်ပွန်းဖြစ်သူသည် မိမိတို့ ဖက်ထားသော သစ်တုံးကို မသင်ကာတာနှင့် စမ်းကြည့်မှ မိကျောင်းကြီး ဖြစ်မှန်းသိတော့၏ ဇနီးဖြစ်သူကို မိန်းမရေ ဒို့ဖက်ထားတာ သစ်တုံးမဟုတ်ဘူး မိချောင်ကြီး လာကမ်းပေါ်မြန်မြန်သွားကြစို့ဟု ယ္ခုမှကြောက်လန့်တကြားပြေးလေတော့၏

မိကျောင်းတို့မည်သည် အသားစားကျုးသော သားရဲတိရစ္ဆာန်သာဖြစ်၏ လူသားဆိုလျှင် ပိုပြီး နှစ်သက်သည်ဟု မိကျောင်းကျွမ်းကျင်သူတို့ကဆိုကြ၏ ယ္ခုမိကျောင်းသည် လူသားနှစ်ယောက်ကို သစ်တုံးယောင်ဆောင်ပြီးကယ်တင်ခဲ့ခြင်းဖြစ်၏ အသိဥာဏ်နိမ့်ပါးလှသည့် တိရစ္ဆာန်ဖြစ်တဲ့မိကျောင်း ကတောင်လူတွေ၏အသက်ကို ကယ်တင်သေးတယ်ဆိုလျှင် အသိဥာဏ်ရှိတဲ့လူသားတွေက ပိုပြီး ကယ်တင်သင့်တာပေါ့ နာဂစ်တိုက်ပြီးပြီးခြင်းကယ်တင်မယ်ဆိုလျှင် လူ့အသက်ပေါင်းများစွာ ရှင်နိုင် သည်ဟု နယ်ခံပြည်သူတွေ၏ ပြောစကားအရသိခဲ့ရပါ၏ လူ့အသက်ပေါင်းများစွာကို မကယ်တင်ခဲ့ သော ကယ်ဖို့အတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေသည် တိရစ္ဆာန်ထက် ပိုဆိုးသော တိရစ္ဆာန်ထက် ပိုယုတ်ညံ့သော လူတွေဟုသာဆိုရမှာဖြစ်၏။


No comments: