အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, August 1, 2008

ကယ်ဆယ်ရေးလုပ်သားကြီး ကိုမိကျောင်း

ဘိုကလေးမြို့နယ်-ပဉ္စမပိုင်း
မိကျောင်းနှင့်ပတ်သက်သောဇာတ်လမ်း နောက်တခုကြားခဲ့ပါသေး၏ မိန်းမလှကျွန်းပတ်ဝန်း ကျင်ကဖြစ်ပါ၏ အမျိုးသမီးငယ်တယောက် နာဂစ်မုန်တိုင်းနှင့်အတူပါလာသော လှိုင်းလုံးကြီးဖြင့်ရှိုက်
ခတ်သည့်အတွက် မိသားစုတခုလုံး ဖရိုဖရဲလွင့်စင်သွား၏ အမျိုးသမီးငယ်သည် အပြောကြယ်သည့်
ရေပြင်ကြီးဝယ် ညမှောင်မှောင်တွင် မမြင်မစမ်းဖြင့် ရော်၇မ်းမှမ်းစကာ ကူးခတ်နေမိ၏ တိုက်ခတ်သည့် လေကလည်း အသဲခိုက်အောင် အေးလှသည့်အပြင် ကြောက်စရာကောင်းလောက် ပြင်းထန်လှသောကြောင့် မိမိအသက်ရှင်သန်ရေးအတွက် တိုက်ခိုက်လာသော လေနှင့် မြင့်မားလှ သော လှိုင်းလုံးကြီးတွေကြားဝယ် တညလုံးကူးခတ်နေရ၏ ။


တညလုံးကူးခတ်ရသည့်အတွက် ပင်ပန်းနွမ်းနယ်လှ၏ နံက်အရုဏ် လင်းရောင်ခြည်လည်း ထွက်ပေါ်စပြုလာတာတွေ့မြင်ရတော့ တမျိုးအားတက်လာ၏ ညမှောင်မှောင် မမြင်မစမ်းကူးနေတာ နှင့်စာရင်တော့ အလင်းရောက်အောက် ကူးခတ်ရတာက မိမိအတွက် မျှော်လင့်ချက်ပိုရှိတာကြောင့် အားအင်ပြည့်လာသလိုထင်ရ၏ အလင်းရောင်ကလည်း ၀ိုးတ၀ါးဖြင့် ပိုမိုထင်ရှားစ ပြုလာ၏ မိုကလည်း သည်းထန်စွာ ရွာသွန်းနေသောကြောင့် ဘယ်ကမ်းကိုမှမမြင်ရပါ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ ငါ့ကို များ ပြောသလားဟုထင်ရ၏ မိမိအသက်ရှင်မှရှင်ပါတော့မလားလို့ စိုးရိမ် စိတ်တွေ များစွာဖြစ်ပေါ်လာ၏ အမေတို့ အဖေတို့လည်းဘယ်ရောက်နေသည်မသိ မောင်လေး ညီမ လေးတွေလည်း ဘယ်ရောက်နေသည်မသိ။ ငါ့လိုမှအသက်ရှင်လျှက်ရှိပါအုံးမလားဟု ၀မ်းနဲစိတ်တွေ များစွာဖြစ်ပေါ်လာ၏ ကြာတော့လည်းပင်ပန်းနွမ်းနယ်စပြုလာ၏ နတ်မြတ်နတ်ကောင်းတွေ သူ့ကို အသက်ရှင်အောင် ကယ်တင်ပါအုံးဟု အသံထွက်ဆုတောင်းမိ၏

မိမိကူးခတ်နေသည့်ရေပြင်၏ မှုံပြပြအလင်းရောင်အောက်တွင် သစ်တုံးသဏ္ဍာန် ခပ်ရေးရေး တခုကိုတွေ့မြင်ရ၏ တညလုံးကူးခတ်နေရသောကြောင့် အနားယူခြင်သော မိမိအတွက် နားခိုစရာ သစ်တုံးတွေ့ရလို့ အလွန်ဝမ်းမြောက်သွား၏ သစ်တုံးအနီးသို့ကူးခတ်ကာ သစ်တုံးကိုဖက်ကာ အမော
ဖြေရတော့၏ သစ်တုံးအထင်ဖြင့် မိမိခွဖက်ထားသောအရာသည် သေသေချာချာ စမ်းကြည့်မှ သစ်တုံးမဟုတ်ဘဲ မိကျောင်းကြီးတကောင်မှန်းသိရတော့၏ မိမိလဲ အလွန်ထိပ်လန့်သွား၏ တညလုံးကြိုးစားပြီး ကူးခတ်ထားသမျှသည် ဒီတခါတော့ မိကျောင်းစာဖြစ်ပြီဟု အလွန်ကြောက်လန့်တုံလှုပ်သွားလေ၏ မိကျောင်းကြီးကား မိမိကိုလုံးဝ အန္တရာယ်မပြုဘဲ ငြိမ်သက်နေတာတွေ့ရ၏ အလွန်မောပန်းနေသော မိမိလည်း အရဲစွန့်ပြီး မိကျောင်းကြီးကို စမ်းသပ်ကြည့်၏ ဘယ်လိုမှ မတုံ့ပြန်သည့်အတွက် မိမိလည်း ချေကုန်လက်ပမ်းကြနေ၏ ဖြစ်ခြင်တာဖြစ်ဟု မိကျောင်းကြီးကို တအားဖက်ထားမိလေတော့၏ တညလုံးပင်ပန်းထားသမျှသည် မိကျောင်းပေါ်ရောက်မှ သတိလစ်ကာ မေ့မျှောသွားလေတော့၏ ။

မိမိစိတ်တွေ နာဂစ်မုန်တိုင်းနှင့်အတူ လွင့်ပါသွားလေ၏ အမေအဖေနှင့် မောင်လေးညီမလေး တွေကိုလည်း တနေရာရာတွင် တွေ့သလိုထင်ရ၏ ခေါ်ကြည်တော့လည်း ဘယ်သူမှမိမိကို ပြန်လည် ကြည့်သူမရှိ မိမိစိတ်ထည်းဝမ်းနည်းသလိုဖြစ်သွား၏ ငါနှင့်သူတို့ဘာဖြစ်လို့ စကားပြောလို့မရတာလဲ ဟု စိတ်ထဲမှာလည်း အားမလို အားမရ ဖြစ်နေ၏ ချေထောက်ကလည်း တစစ်စစ်နဲ့ ဘာကောင်ကိုက် နေလည်းဟု သတိရလို့ကြည့်လိုက်သည့်အခါကြမှ မိမိလန့်နိုးလာ၏။

မိမိလန့်နိုးလာချိန်တွင် ကမ်းတခုပေါ်သို့ရောက်နေ၏ မိမိချေထောက်က တစစ်စစ်နာနေခြင်း သည် ကနန်းလုံးတကောင်မှ မိမိကို လက်မနှင့်ထိုး၍ နှိုးနေခြင်းဖြစ်၏ မိမိလည်းကိုယ့်ကိုကိုယ် အတော်အံ့သြသွား၏ မိမိမှာလည်း အ၀တ်စားဆိုလို့ ဘာတခုမှမရှိ ကမ်းပေါ်တွင် မိမိ အရှက်လုံဖို့
အတွက် ၀တ်စရာလိုက်ရှာတော့ ပီနံအိပ်ခွန်တွေ တွေ့တာနှင့် ဖြစ်သလို ၀တ်ထားလိုက်ရ၏ မိမိ၏ ဖြစ်ပျက်ပုံအကြောင်း တစေ့တစောင်း ဆင်ချင်ကြည့်တော့ လှိုင်းထဲလေထဲတွင် ပင်ပင်ပန်းပန်း ကူးခတ်ခဲ့သည်ကို တရေးရေးမြင်ရောင်လာ၏ မိမိအသက်ကိုကယ်ခဲ့သော အသက်သခင် ကျေးဇူးရှင် မိကျောင်းကြီးကို တွေ့လိုတွေ့ငြှားရေပြင်ကို ကြည့်မိတော့လည်း ဘာမှမတွေ့တော့ပါ ကျေးဇူးရှင် မိကျောင်းကြီးရယ် မိမိအသက်ကိုကယ်တင်ပေးသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း အော်ဟစ်ပြောမိလေ၏ ကယ်ဆယ်ရေးယဉ်နှင့်တွေ့မှ မိမိဘိုကလေးမြို့ကိုရောက်ရှိလာခြင်းဖြစ်ပါ၏။

သြော်--------အသားစားတဲ့ သားရဲတရစ္ဆာန်ဖြစ်ပါလျှက်နဲ့ လူ့အသက်ကို ကယ်တင်ခြင်းသည် အတော်အဲ့သြဖွယ်ကောင်းပါ၏၊ တိရစ္ဆာန်ထက် မြင့်မြတ်ပါသည်ဟု ကိုယ့်ကိုကိုယ် လူသားအဖြစ် ခံယူထားတဲ့ လူဆိုသည့် လူသားတွေသည် ဤလိုလူသားတယောက်အသက်ကို ကယ်တင်ခဲ့သော မိကျောင်းနှင့်နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် ဘယ်ကဲ့သို့ဆုံးဖြတ်ပါမည်နည်း လူ့အသက်ကိုတန်ဘိုးမထား ဖြစ်ခြင်ရာဖြစ် သေချင်ရာသေ စားခြင်ရာစားဟု တန်ဘိုးမဲ့ စကားကိုသာ ပြောဆိုတတ်သော လူသား အချို့၏ တာဝန်မဲ့သောစကားတွေသည် လူ့တန်ဖိုးကိုနားမလယ်သော လူကြီးမပီသသော လူကြီးမဖြစ် ထိုက်သော အတ္တဆန်သော တာဝန်မဲ့သော မိုက်မဲသောပုဂ္ဂိုလ်တွေသဏ္ဍာန်တွင်သာ ရှိတတ်ပါ၏။ ဤပုဂ္ဂိုလ်တွေသည် တိရစ္ဆာန်ထက်မိုက်မဲသောပုဂ္ဂိုလ်တွေသာဖြစ်ပါ၏။

No comments: