ဂုဏ်ယူပါသည်-----အို------ဖခင်။
ဤဇာတ်လမ်းလေးကိုလည်း ဘိုကလေး ကပင် ကြာ။သိခဲ့ရပါ၏
ဧရာဝတီသည် မြန်မာပြည်၏ စပါးကြည်ဖြစ်သလို ဟင်းလျှာအဖြစ် ငါးပုဇွန်ကိုလည်း မြန်မာပြည် အတွက် အများဆုံးထုတ်ပေးနိုင်သောဒေသဖြစ်၏ ငါးပုဇွန်တို့မှီခိုရာ ချောင်း မြောင်း အင်း အိုင် ကလည်း အလွန်ပေါသောဒေသဖြစ်၏ ထမင်းနှင့်ဟင်းအတွက် ပြည့်စုံအောင်ဖန်တည်းပေးထားသော
ဧရာဝတီ၏ကျေးဇူးတွေဖြစ်၏ ချောင်းတွေမြစ်တွေပေါများလှသော ဧရာဝတီတွင် အုန်းပင်ကွမ်းသီးပင်
ငှက်ပျောပင်တွေကို မြစ်ချောင်းကမ်းစပ်တွင် အစီအရီ စိုက်ထားခြင်းကိုက ဧရာဝတီ၏ သဘာဝအလှတွေဖြစ်၏ ဧရာဝတီသားတွေသည် မိမိအရပ်ဒေသသို့ ရောက်ရှိလာသော ဧည့်သည်တွေကို အုံး ငှက်ပျောတို့ဖြင့် ကျွေးမွေးဧည့်ခံတတ်၏ သဘာဝထွက်ကုန် ငါးပုဇွန်တို့ဖြင့်လည်း ဧည့်ခံကျွေးမွေးတတ်သလို မြို့ရန်ကုန်တွင်မရရှိနိုင်သော ထူးထူးခြားခြား ကျေးလက်သဘာဝ အစားအာတွေနှင့်လည်း ကျွေးမွေးဧည့်ခံ တတ်ပါ၏
ဧရာဝတီသားတွေသည် ရေနှင့်ရင်းနှီးသော ရေပျော်တွေဖြစ်၏ မွေးဖွားလာသော မျိုးဆက်သစ်တွေ ကိုလည်း ငယ်ရွယ်စဉ်ပင် ရေနှင့်အကြွမ်းတ၀င်ရှိအောင် ရေကူးပညာကိုသင်ပေးထားရ၏ မသင်ပေး လို့လည်းမဖြစ် မိမိတို့ဧရာဝတီသည် ချောင်း မြောင်း မြစ်ကိုသာ အားကိုးရသောကြောင့်ဖြစ်၏ ဧရာဝတီ၏ လမ်းပမ်းဆက်သွယ်ရေးသည် ရေလမ်းဆက်သွယ်ရေးသည် အများစုဖြစ်၏ ယ္ခုအခါမှသာ ကုန်းလမ်းသည် အနည်းငယ်ပေါ်လာခြင်းဖြစ်၏ ရေမကူးတတ်လျှင် ဧရာဝတီသား မဟုတ်ဟုလို့တောင် ဆိုရိုးစကားရှိခဲ့ဘူးပါ၏ ချောင်း မြောင်း ကိုသာလျှင် အသုံးပြုရတော့ ဧရာဝတီသားတွေ၏ အိမ်အများစုသည် ချောင်း မြောင်း မြစ်ဘက်သာ မျက်နှာသာလှည့်၍ ဆောက်ထားတတ်၏ ဧရာဝတီသားတွေ၏ လမ်းသည် ရေလမ်းသာဖြစ်၏ အိမ်တိုင်းတွင် မရှိမဖြစ် အောင် အသုံးတည့်သောအရာကား လှေ သမ္ဗာန် သင်္ဘောဖြစ်၏ အလုပ်သွားလည်းလှေ ကျောင်းတက်လည်းလှေ ဈေးဝယ်သွားလည်း လှေနဲ့သာဖြစ်၏။
ရေမှာပျော်သော ဧရာဝတီသားတွေ ရေကူးကျွမ်းကျင်ပါသည်ဆိုသော ဧရာဝတီသားတွေ ရေနှင့်ဘဲ သေဖို့ဖြစ်ပေါ်လာ၏ အကြောင်းကား ဧရာဝတီ၏ အလှအပကို ရက်ရက်စက်စက်ဖျက်စီးသွားသော ရေပျော် ဧရာဝတီသားတွေကို လှိုင်းလုံးအောက်တွင် နှစ်မြုတ်သတ်ဖြတ်သွားသော အလွန်ရက်စက်
ကြမ်းကြုတ်သော နာဂစ်မုန်တိုင်း ကြောင့်ဖြစ်၏ နာဂစ်သည် ဧရာဝတီ၏ မျိုးဆက်သစ်တွေကိုပါ ၀ါးမျို
ဖြစ်ဖို့ကြိုးစားသော်လည်း ကယ်တင်ရှင် အာဂဖခင်တဦးကတော့ မိမိရင်နှစ်သီးချာသားရတနာကို နာဂစ်မှကာကွယ်ပုံကလည်း မိဘမေတ္တာသရုပ်ပေါ်လွင်လှ၏
နာဂစ်မုန်တိုင်းတိုက်လာချိန်တွင် ဖခင်သည် သားဖြစ်သူအား ရင်ဝယ်ပိုက်ကာ နာဂစ်၏ပြင်းထန်လှ သောလေကို အကာကွယ်ပေးခဲ့၏ သို့သော်နာဂစ်ကား သူတယောက်တည်းလာသည်မဟုတ် သူ့မိတ် ဆွေဆိုးကြီး ဒီရေလှိုင်းကြီးပါတွဲခေါ်လာသောကြောင့် ဧရာဝတီသားတွေ မရှုမလှ သောက်သောက် လည်း သေဆုံးရခြင်းဖြစ်၏ သားငယ်ကို အကာကွယ်ပေးနေသော ဖခင်လည်း သားနှင့်အတူ ပြင်းထန်စွာရိုက်ခတ်လာသော ဒီရေလှိုင်းဖြင့်လွင့်ပါသွားလေ၏ သားကိုလည်း လက်ထဲမှ လွတ်မထွက်သွားစေရန် မြဲမြံစွာကိုင်ထားနိုင်၏ ကံကောင်းခြင်တော့ အုန်းပင်တပင်နှင့် တွေ့ဆုံမိလေ ၏ အုံးပင်ကို လက်တဖက်က ကိုင်ထားရင်း သားငယ်ကို လက်တဖက်ဖြင့်ပွေ့ထားလေ၏ လေတိုက် နှုံးပြင်းထန်သောကြောင့် ဒီရေလှိုင်းကလည်း တဖြေးဖြေးမြင့်တက်လာ၏။
ကယ်တင်ရှင်ဖခင်သည် ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာ ချရလေတော့ ဒီအတိုင်းဆို ငါတို့သားအဖ ရှင်လမ်းမမြင် ဒီရေလှိုင်းလုံးကြီးတွေ၏ ရိုက်ချက်သည် ကြာလေပြင်းထန်လာလေဖြစ်၏ တချက် တချက်တွင် မိမိရင်ခွင်ထဲက သားငယ်လွင့်ထွက်သွားမလို ဖြစ်သွားတတ်၏ ရေဘေးနှင့်စာလျှင် လေဘေးကတော်သေးသည်ဟု ဆုံးဖြတ်ကာ အုံးပင်ပေါ်တက်ရန် ဆုံးဖြတ်လေ၏ သားငယ်တဖက် နှင့် အုံးပင်ပေါ်တက်ရန် အခက်အခဲဖြစ်နေ၏ သားငယ်ကို ထွေးပိုက်ရန်လည်း မိမိခန္ဓာကိုယ်ပေါ်မှာ ဘာမှမရှိ တိရစ္ဆာန် မိခင်တွေ သူတို့ကလေးငယ်တွေ ဂုတ်ပိုးချီသွားတာကို သတိရပြီး သားငယ်ဂုတ် ပိုးကို ပစပ်ဖြင့်ကိုက်၍ ဒီရေလှိုင်းလွတ်ရာ အုံးပင်ပေါ်သို့ ကြိုးကြိုးစားစား တက်ခဲ့ရ၏ သားငယ်လွတ် မကြအောင် သတိနှင့်ကိုက်ထားရသည့်အတွက် သွား၏နာကျင်မှုဒါဏ်ကိုခံစားရကာ သားငယ်ငိုသံ ထွက်လာ၏ ဒီလှိုင်းရေအပြင် နာဂစ်လေဒါဏ်ကြောင့် လေအဝှေ့တွင် ယိမ်းနွဲ့နေသော အုံးပင်ပေါ်တွင် ဖခင်နှင့် သားငယ်တို့သည် လေယူရာယိမ်းသကဲ့သို့ လိုက်ပါယိမ်းနွဲ့နေရ၏ ။
သားငယ်ကိုလွတ်မထွက်သွားအောင်လည်း မိမိပစပ်ဖြင့် ဂုတ်ပိုးကိုချီကာ ရင်ခွင်ထဲ ထည့်ထားရ၏
နာကျင်သည့်ဒါဏ်ရာကြောင့် ငိုနေသောသားငယ်ကိုလည်းမချော့အားပါ ပြင်းထန်လှသည့်လေဒါဏ် နှင့် ယိမ်းနွဲ့ကာ လဲမလိုဖြစ်နေသော အုံးပင်ပေါ်မှ ပြုတ်မကြသွားအောင် အုံးပင်ကို ကျစ်ကျစ်ပါအောင် ဖက်ထားရ၏ လေပြင်းနှင့်အတူပါလာသော မိုးစက်တွေကား အ၀တ်မပါ ဗလာနတ္ထိဖြစ်နေသော မိမိကျောပြင်ကြီးကို တိုက်ရိုက်ထိမှန်နေ၏ မိမိကျောကုန်းကို အပ်နှင့်ထိုးသည့်နှယ် နာကြင်လှပါဘိ သားအဖနှစ်ယောက် အသက်ဘေးမှလွတ်မြောက်ရေးအတွက် ရှိသမျှခွန်အားတွေဖြင့် နာကြင်မှုကို ကြံ့ကြံ့ခံကာ ရက်စက်လှချီလားနာဂစ်ရယ် မင်းဘယ်လောက် ရက်စက်ရက်စက် ငါ့ရဲ့ဧ၇ာဝတီ၏ မျိုးဆက်သစ်သားငယ်ကိုတော့ ငါသေမှသာသေစေရမယ် ငါမသေသ၍တော့ ငါ့သားငယ် ဘယ်တော့
မှ မသေစေရဘူး ငါမင်းတို့ကိုဘယ်တော့မှ အရှုံးမပေးဘူးဟု ရင်တွင်းဖြစ်ပေါ်လာသည့် ဆန္ဒကို မိမိဘာသာ စိတ်ထဲမှ ကြုံးဝါးမိလေတော့၏။
နာဂစ်သည် အားမတန်လို့ မာန်လျှော့ကာ ကြီးမားသောဖခင်မေတ္တာဖြင့် သားငယ်ကို အသက်ပေး ကာကွယ်နေသော အာဂဖခင်ကို ငါအရှုံးပေးပါပြီ မင်းတို့သားအဖ ဆင်းပါတော့ဟု ပြောနေသယောင် ထင်ရ၏ ဖခင်သည် သာငယ်ကို ဂုတ်မှချီလျှက်အောက်ကိုရောက်အောင် မနဲဆင်းလာခဲ့ရ၏ သားဇောဖြင့် အုံးပင်ပေါ်တွင် ကြိတ်မှိတ်ခံခဲ့သော ဒါဏ်ရာဒါဏ်ချက်တွေသည် အောက်ရောက်မှ နာကျင်လာ၏ မိမိသားငယ် အသက်မသေအောင် ကာကွယ်ပေးနိုင်သည့် ပီတိစိတ်ဖြင့် ဖြေသိမ့်ရ၏
နာရီပေါင်းများစွာ သားငယ်ကိုအကာကွယ်ပေးလျှက် အသဲခိုက်အောင် အေးချမ်းလှသည့် နာဂစ်၏ မညာမတာ နှိပ်စက်မှုဒါဏ်ကို ကြံ့ကြံ့ခံကာ အောင်မြင်နိုင်ခြင်းသည် ခေတ်သစ် အာဂဖခင်ဖြစ်၏ ဖခင်တဦးက သားသမီးအပေါ်ထား သည့် မေတ္တာစေတနာတွေလည်း အလွန်ပေါ်လွင်အောင် ဆောင်
ရွက်နိုင်ခြင်းဖြစ်၏ မိခင်မေတ္တာ သရုပ်ဖေါ်သော ဇာတ်လမ်းတွေသာ များစွာကြားနေရချိန်တွင် ဖခင် မေတ္တာဇာတ်လမ်းတပုဒ်ကို ပြောင်မြောက်အောင်ဆောင်ရွက်သော အာဂဖခင်ကား အလွန်မှတ်တမ်း တင်ထိုက်လှပါပေ၏။ ဂုဏ်ယူပါသည်----အို-----ဖခင်။
No comments:
Post a Comment