မိဘပြောက်ရှာပုံတော် ဖွင့်နေသူလေးများ
ပြင်စလူမြို့နယ်ခွဲ ဆားချက်ကွင်းမှ ဦးညွန့်ရွှေ+ဒေါ်သန်းဝင်း သား ကျော်စိုးအောင်၊ကျော်မင်းခန့်၊ ချစ်မင်းဝေ၊ချစ်မင်းအောင်၊ သမီး အိစင်မိုး၊၀င်းဝင်းထွေး။ မိသားစု၏ ရင်နင့်ဖွယ် ဇာတ်လမ်းဖြစ်၏ နာဂစ်မုန်တိုင်းတိုက်လာမည့်နေ့ မိသားစုများ သေကွဲ ရှင်ကွဲ ကွဲမည့်နေ့ဟု ဘယ်သူမှထင်မှတ်မထား ဤလိုမုန်တိုင်းတွေ လာနေကြဆိုတော့ ယ္ခင်မုန်တိုင်းတွေလိုဘဲ မိမိတို့အိမ်တွင် ဥမကွဲ သိုက်မပျက် နေထိုင်ခြင်းဖြင့် မုန်တိုင်းများစွာကို ဒီလိုဘဲနေခဲ့ကြတာမို့ အိမ်ထဲမှာပင် မိသားစုနေခဲ့ကြ၏ သူတို့ဘ၀တွင် ဤလိုကြောက်စရာကောင်းသော မုန်တိုင်းကိုလည်း တခါမှ မတွေ့မြင်ဘူးသော ကြောင့် လာနေကြ မုန်တိုင်း တွေလိုဘဲ ထင်ခဲ့၏ မုန်တိုင်းတိုက်မည့် သတင်းတော့ ကြားရ၏ သာမန် မုန်တိုင်းဟုသာ ထင်ခဲ့သော မိမိတို့၏ အကြားအမြင် ဗဟုသုတ နည်းပါးမှုက မိမိတို့ရဲ့ မိသားစုဘ၀ကို
သေကွဲ ရှင်ကွဲ အဖြစ်သို့ ရောက်ရှိရန်ဖြစ်လာလေ၏။
မေ ၁-ရက် ညနေပိုင်းရောက်လာချိန်တွင် နာဂစ်လေက အစပြိုးလာပေပြီ မိသားစုများ အသီး အသီး မိမိတို့အိမ်ဂေဟာတွေစီ အရောက်လှမ်းကာ ၀င်ရောက်ခိုလှုံကြ၏ ခေတ္တခဏတိုက်ပြီး ပြီးသွား လိမ့်မည်အထင်ဖြင့် ဘာပြင်စဉ်မှုမှ ပြုလုပ်ထားခြင်းမရှိ ဒီအထဲတွင် ဦးညွန့်ရွှေ+ဒေါ်သန်းဝင်းတို့ မိသားစုလည်း အပါအ၀င်ဖြစ်၏ လူမမယ် ကလေးငယ် ၆-ယောက်နှင့် မိမိတို့၏ စိတ်အချရဆုံး ဤအိမ်ဂေဟာလေးတွင် စုပေါင်းခိုလှုံနေခြင်းဖြစ်၏ နာဂစ်မုန်တိုင်းသည် လှုပ်ရှားမှုက ပိုမိုပြင်းထန် လာသောကြောင့် မိခင် ဖခင်တို့သည် သားသမီးများတယောက်တကွဲ ဖြစ်သွားမှာ စိုးရိမ်လှ၏ တတ်နိုင် သမျှ အငယ်လေးယောက်ကို အမေ အဖေ တို့ ထိမ်းထားနိုင်၏ အကြီးသားနှစ်ယောက် ကတော့ ကိုယ့်အားကိုယ်ကိုးပြီး လေအတိုက်တွင် လွင့်မပါသွားအောင် သတိပေးနေရ၏။
ဒါပေမဲ့ နာဂစ်သည် သူတယောက်တည်းလာသည်မဟုတ် သူ့မိတ်ဆွေဆိုးကြီး ဒီရေလှိုင်းတွေပါ ခေါ်ဆောင်လာ၏ နာဂစ်လေဒဏ်ကို ကြံ့ကြံ့ခံနိုင်ပေမဲ့ ၁၅-ပေနီးပါးရှိသည့် ရေလှိုင်းဒဏ်ကိုတော့ ဘယ်ပုဂ္ဂိုလ်မျိုးမှ မခံနိုင်ပါ လှိုင်းလုံးကြီးနှင့်အတူ မိသားစုတစုလုံး ဖရိုဖရဲ လွင့်စင်ထွက်သွားလေ၏ မိဘနှစ်ပါး သားသမီးများကို ကာကွယ်ဘို့ ခဲယဉ်းလေတော့၏ တတ်နိုင်သမျှတော့ အငယ်ကလေး တွေကို မိမိတို့၏ ရင်နှင့်မကွာ ထပ်တူထပ်မျှ ဖက်ထားနိုင်၏ အကြီးနှစ်ယောက်တော့ ဘယ်ရောက် သွားမှန်းမသိ ဒီလှိုင်းနှင့်အတူ ပါသွားလေပြီ သားသမီးကို ချစ်တဲ့စိတ်ဖြင့် ကိုယ်လွတ်ရုံးမထွက်သော မိခင်ဖခင်တို့၏ စေတနာသည် သားငယ်သမီးငယ် လေးယောက်နှင့်ပင် နာဂစ်ကို လက်မြောက် အရှုံး ပေးကွာ သေပွဲဝင်ခဲ့ရပါ၏။
သားကြီးနှစ်ယောက် ကျော်စိုးအောင်နှင့် ကျော်မင်းခန့်တို့သည် တယောက်တကွဲ ဒီရေလှိုင်းနှင့် အတူ ပါသွားခြင်းဖြစ်၏ ၁၀-နှစ် ၁၂-နှစ်ဝန်းကျင် အရွယ်တွေဆိုတော့ ဒီရေလှိုင်းနှင့်အတူ ရေတွင် မြောလာသော သစ်တုံးကိုဖက်လျှက် လွင့်ပါလာခြင်းဖြစ်၏ မြင့်မားလှသည့် လှိုင်းလုံးကြီးတွေကြား ၀ယ် ပြင်းထန်သည့် လေတိုက်နှုံးနှင့်အတူ ရိုက်ခတ်လာသော လှိုင်းဒဏ် မိုးဒဏ်ကိုအန်တုလျှက် သစ်တုံး သစ်ခက်တွေကြားမှာ လူမမယ်ကလေးငယ် နှစ်ယောက် တယောက်တကွဲ လွှင့်ပါလျှက် ရှိ၏ လေအား ရေအားသည် ဘယ်လောက်ပြင်းထန်သလဲဆိုလျှင် သင်္ဘောဖြင့် ၂-နာရီလောက် သွားသည့်နေရာကို ၁၀-မိနစ်အတွင်း ရောက်ရှိသွားသည်ဟုဆိုကြ၏။
ညမှောင်မှောင်တွင် အမိမဲ့သားငယ်နှစ်ယောက် တယောက်တကွဲဖြင့် ဘယ်ကမ်းကိုမှမမြင် ဘယ်စီယော်မှန်း၍ ဘယ်ကိုကူးရမှန်းမသိ လှိုင်းလေနှင့် အလိုက်သင့်သာ မျှောလိုက်နေရ၏ ညနေမှောင်ရည်ပျိုးစအချိန်မှ စတင်တိုက်ခိုက်လာသော နာဂစ်လေသည် နံက်လင်းအရုဏ် တက်လာချိန်မှ အရှိန်လျှော့လာ၏ လှိုင်းဒီရေလည်း ကျဆင်းလေပြီ မိမိတို့ဘယ်ကို ရောက်နေမှန်း မသိ ကမ္ဘာကြီးဘဲပျက်သွားပြီလား အမေတို့ အဖေတို့ ညီလေးညီမလေးတွေကော ဘယ်ရောက်ကုန် ပြီလည်း တညလုံး ပင်ပန်းဆင်းရဲသည့်ဒဏ်ကြောင့် ကိုယ်တွေလက်တွေလည်း နာနေ၏ မိမိအသက် ရှင်ရေးအတွက် ကြိုးစားရအုံးမည် ကယ်ကြပါအုံးဆိုပြီး အသံကုန်ဟစ်အော်မိ၏ မိမိလိုဘ၀တူများ အဖြေးဖြေးနဲ့ သုံးလေးယောက်စုမိလာ၏ တယောက်ထဲစိတ်အားငယ်နေချိန်တွင် ဘ၀တူများတွေ့ရှိရ သည့်အတွက် အင်အားတွေများစွာဖြစ်လာ၏။
အ၀တ်ဗလာနတ္ထိဖြင့် ရွံ့နွံတွေထဲတွင် ကျွဲနှင့်ပုံစံတူနေသော မိမိတို့ တယောက်ကို တယောက် ကြည့်ကာ ပြုံးမိကြ၏ တညလုံးပင်ပန်းသည့်အတွက် ဗိုက်ကလည်းစာလာပေပြီ စားစရာဆိုလို့ ဘာမှ မတွေ့ပါ တပိုင်းကျိုးကြနေသော အုံးပင်တွေမှ အုန်းသီးတွေခူးကါ ရရာလက်နှက်ဖြင့်ခွဲလျှက် အမော ပြေအုံးရည်သောက်ကြ၏ အုံးဆံကိုကိုစားကြ၏ ခွန်အားအသင့်အတင့်ရှိလာ၏ နာဂစ်နှိပ်ဆက်သည့် ဒဏ်ရာတွေတွေကြောင့် သစ်ပင်တွေလည်း အမြစ်လန်နေ၏ အုန်းပင်ကွမ်းသီးပင်တွေလည်း တပိုင်း ကျိုးနေ၏ သစ်ပင်သစ်ကိုင်းတွေ ဖရိုဖရဲဖြင့် မိမိတို့ဘယ်ကိုရောက်နေမှန်းမသိ ၀တ်ဖို့စားဖို့က ပိုအရေး
ကြီးသောကြောင့် စားစရာ ၀တ်စရာများ စုပေါင်းရှာဖွေကြ၏ ၀တ်စရာအချို့နှင့် ရေစိုနေသော ဆန်အိပ်များတွေ့ရှိရ၏
သေက်စရာ ရေကလည်းမရှိ အုံးရည်ကိုသာ သောက်သုံးနေရ၏ ချက်စရာမီးကလည်းမရှိ ရေစိုဆန်တွေကိုသာ အာသာပြေစားရ၏ နားခိုစရာနေရာမရှိ တိုင်လေးတိုင်စိုက်ပြီး သစ်ရွက် သစ်ခက်တွေတင်ထားသော အောက်ဝယ် ဖြစ်သလိုနေကြရ၏ ဘယ်ရောက်နေမှန်းမသိ မျက်စိ တဆုံးသာ မျှော်မှန်းကြည့်နေမိ၏ လူတွေမှ ရှိပါသေးရဲ့လားမသိ လူသံကို နားစွင့်နေမိ၏ ဒီလိုနဲ့ဘဲ အချိန်တရက်ကုန်သွား၏ ဒီလိုနေလျှင်ရှေ့ဆက်သေသွားနိုင်၏ လွတ်ရာလွတ်ကြောင်း အသက်ရှင်ရာ ရှင်ကြောင်း ထွက်ပေါက်ရှာရန် ထိုနေရာမှထွက်ခွါခဲ့၏ မိမိတို့လျှောက်ခဲ့သော နေရာများတွင် လူတွေ သောက်သောက်လဲ သေနေတာကို တွေ့မြင်ရတော့ အလွန်ထိပ်လန့်တုံလှုပ်သွား၏ အဖေါ်တွေပါလို့ သာ တယောက်ထဲသာဆို ထိပ်လန့်တုံလှုပ်ပြီး သေသွားနိုင်၏။
လူသေအလောင်းတွေ များစွာတွေ့ရတော့ အမေတို့ အဖေတို့ ညီးလေး ညီမလေးများ ဘယ်ရောက် ကုန်ပြီလည်း သေကုန်ပြီလားဟု စိတ်ထဲတွင် ၀မ်းနည်းသောကရောက်လာကာ လမ်းလျှောက်ရင် မျက်ရည်ကျကာ ငိုကြွေးမိ၏ ဘ၀တူများနှင့်အတူ လမ်းလျှောက်လာရင်း မြစ်ကမ်းနားတခု ရောက်လာ၏ မြစ်ကမ်းနားဘေးတွင် တွေ့ရာရှာစားပြီး ဖြစ်သလိုဘဲ တညအိပ်ရပြန်ပြီ မုန်တိုင်းပြီး နှစ်ရက်တိုင်အောင် မိမိတို့ကို ကယ်ဆယ်မည့်ပုဂ္ဂိုလ် မတွေ့ရသေးပါ ဒီအတိုင်းဆို လူတွေမှ ရှိပါသေး ရဲ့လားဟု အားငယ်သည့် စိတ်တွေဖြစ်ပေါ်လာ၏ ထမင်းမစားရတာလည်း နှစ်ရက်ရှိသွားပြီ ခန္ဓာကို လည်း အားအင်နည်းလာ၏ ဒီနေ့လည်း ဖြစ်သလို တွေ့ရာအသီးတွေကိုသာ အာသာပြေစားနေရ၏
၃-ရက်မြောက်နေ့မှ မြစ်အတွင်း သင်္ဘောစက်သံ ကြားလာရ၏ ၀မ်းသာလှသည့် ဖြစ်ခြင်း ခပ်ဝေးဝေးမှ မောင်းလာသော သင်္ဘောကို မိမိတို့အဖွဲ့သားများ လက်ပြသူကပြ အင်္ကျီချွတ်ရမ်းသူက ရမ်းဖြင့် လှမ်းခေါ်ကြ၏ သင်္ဘောမောင်းသူသည် မိမိတို့ကို တွေ့ရှိသွားပြီး မိမိတို့နေရာကို ဦးတည်မောင်းလာတာတွေ့ရ၏ ဘ၀တူတွေ တယောက်နှင့်တယောက်ဖက်ခါ ၀မ်သာအားရ ဖြစ်ကြရ၏ သင်္ဘောသည် ပုဂ္ဂလိက ကယ်ဆယ်ရေး သင်္ဘောတဆင်းဖြစ်၏ သင်္ဘောပေါ်မှ ပုဂ္ဂိုလ်တွေလည်း နွေးထွေးစွာ ကြိုဆိုကြ၏ သင်္ဘောပေါ်တွင် အသင့်ပါလာသော ထမင်းများကို ကျွေးမွေး၏ ၃-ရက် ထမင်းငတ်ခဲ့သော မိမိတို့သည် မရှက်နိုင် အငမ်းမရစားသောက်ကြ၏။
ဒီလိုနဲ့ဘဲ လပွတ္တာ ကယ်ဆယ်ရေး စခန်းကိုရောက်လာခဲ့၏ လပွတ္တာကယ်ဆယ်ရေးစခန်းတွင် ညီငယ်တွေ့ရှိရ၍ ညီကိုနှစ်ယောက် ဖက်ငိုကြရ၏ ကယ်ဆယ်ရေးသင်္ဘောတွေ လပွတ္တာဆိပ်ကမ်းကို ဆိုက်လာတိုင်း အမေ အဖေနှင့် ညီ ညီမလေးတွေ ပါလာမလားလို့ သင်္ဘောဆိပ်ဆင်းကြည့်ရတာ နေ့တိုင်းပါဘဲ လပွတ္တာမြစ်ပြင်ကိုကြည့်ပြီး ငိုခဲ့ရသည့် ရက်တွေသာ ကြာလာသည် အမေ အဖေတို့ အရိပ်အရောင်ကို ခုထိမတွေ့ရပါဟု မျက်ရည်စက်လက်ဖြင့် ဘုန်းကြီးကိုပြောပြပါသည်၊ ဘုန်းကြီး လည်း မင်းတို့မှာ အမေ အဖေ မရှိတော့ဘူးဆိုတော့ ငါနဲ့လိုက်ခဲ့မလား ကိုရင်ဝတ်ပေးမယ်လေဟု ပြောသောအခါ ကိုရင်တော့မ၀တ်ချင်ဘူး ရွာကိုဘဲပြန်ချင်တယ်ဟုပြောလေ၏။ ကလေးငယ်များသည်
ရွာတွင် မိဘတွေရှိနိုးနိုး စိတ်ဖြင့် ရွာပြန်ချင်နေပုံရသည်။ သနားစရာ ကလေးငယ်နှစ်ယောက်နှင့် ဘ၀တူ ငါးယောက်အား ဘုန်းကြီးမှ တယောက်တသောင်းနှင့် ဒကာဖိုးချွန်းမှ တယောက်တသောင်း ပေးခဲ့လေ၏။
No comments:
Post a Comment