အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, September 18, 2013

ကြုံရ-ဆုရ-မလေးရှား-ဘုန်းဘုန်းဘ၀(၁၆)





     ယ္ခုလသည် စက်တင်ဘာလဆိုတော့ မြန်မာပြည်၏ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးကာလက မလေးရှားတွင် ဘုန်း ဘုန်း ကြုံရ ဆုံရ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံ အကြောင်းအရာလေးတွေ ဘုန်းကြီးခေါင်းထဲတွင် အစီအရီ ပေါ်လာပြန်၏ ဘုန်းကြီးနေသော ပူချုန်းတစ္စကိုဝန်းကျင်သည် ကွာလာလမ်ပူမြို့၏ အချက်အချာကြသော နေရာတခုဖြစ်၏ လမ်းပမ်းဆက် သွယ်ရေးလည်း ကောင်းမွန်သောကြောင့် နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံ ရှိသောနေရာဖြစ်၏။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မလေးရှား) လူ့ဘောင်သစ်- အမျိုးသမီးအဖွဲ့ချုပ် ဘီအာအို ရခိုင်ဒီမိုကရေစီအဖွဲ့ စာပေပျိုးခင်း အဖွဲ့ဆိုပြီး အဖွဲပေါင်းများစွာ တည်ရှိသောနေရာဖြစ်၏ နိုင်ငံရေးသမားတွေ၏ နယ်မြေတွင်နေရသော ဘုန်းကြီးဘ၀ကလည်း  အတော်သတိထားနေရပါ၏ တိုင်းရင်းသားမျိုးစုံ ရှိသောနေရာဖြစ်သောကြောင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုလည်း တတ်နိုင်သလောက် တရားဟောပေးရ၏။
      ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေး ကာလအချိန်သည် ဘုန်းကြီး တရားပေတံဆိုသည့် စာအုပ်ကလေးတအုပ် ရေးသား နေချိန်ဖြစ်၏ စာရေးလိုက် ဘီဘီစီ စီအင်အင် အယ်လ်ဂျီးယား သတင်းဋ္ဌာနတွေကလည်း ၁-နာရီတခါ မြန်မာပြည် ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ထုတ်လွှင့်ပြသနေချိန်ဖြစ်သောကြောင့် ၁-နာရီတခါ သတင်းထွက်ကြည့်ပြီး မြန်မာပြည်က ညီတော်နောင်တော်တွေ၏ တိုင်းသူပြည်သားတွေကိုယ်စား မိုထဲရေထဲအပင်ပန်းခံပြီး မေတ္တာပို့သံတွေဟာ ကမ္ဘာ့ မီဒီယာလောက၏ ကျေးဇူးကြောင့် နိုင်ငံရပ်ခြားရောက် ဘုန်းကြီးတို့တတွေလည်း ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ထောက်ခံအားပေး နေချိန်ဖြစ်ပါ၏။
    စက်တင်ဘာ ၂၆-ရက်နေ့တွင် ရွှေဝါရောင်တော်လှန်ရေးအား စစ်တပ်မှ ရက်ရက်စက်စက် ဖြိုခွဲပုံတွေကို သတင်းဋ္ဌာနတွေက တိုက်ရိုက်ထုတ်လွှင့်တာတွေမြင်ရတော့ ရင်ထဲမှာမချိအောင်ခံစားရပါ၏ မြန်မာပြည်မှ ညီတော်နောင်တော်တွေ ဘေးအန္တရာယ် ကင်းပါစေလို့ မေတ္တာပို့သကာ တညလုံးအိပ်မပြော်နိုင်ဘဲဖြစ်သွား၏ မေတ္တာပို့လမ်းလျှောက်နေတဲ့ ဘုန်းကြီးတွေကို လက်နက်နဲ့ အကြမ်းဖက် သတ်ဖြတ်နိုင်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကြီးတခုကို ရရှိပိုင်ဆိုင်သွားတာပေါ့လေ။
    မလေးရှားရောက် မြန်မာတိုင်းရင်းသားတွေလည်း မျက်ရည်ကျသူကြ ငိုသူငိုနဲ့ ကိုယ့်ဘာသာ ကိုယ့်သာသနာကို ဘယ်သူဘဲ ဆော်ကား ဆော်ကား မြန်မာတွေရဲ့ ရင်ထဲမှာ မချိအောင်နာလှပါဘိ မေတ္တာတွေ ထုတ်ဖေါ်ပြလို့ အဖမ်းခံရတဲ့ ဘုန်းဘုန်းတွေကို ပန့်ပိုးကူညီဖို့ ငွေလှူခြင်သည့် လာရောက်လျှောက်ထားသူတွေများလာ၏ ဘုန်းကြီးတို့ မလေးရှားရောက် ဘုန်းကြီးငါးပါး တိုင် ပင်ကာ လာရောက်လှူဒါန်းသော အလှူငွေများကို လက္ခံသိမ်းဆည်းပေးထား၏။
    မြန်မာပြည်က ဒကာတွေထံဆက်သွယ်ပြီး ရွှေဝါရောင်သံဃာတော်များအတွက် မလေးရှားမှ ငွေလှူဒါန်းချင်ပါသည် ဘယ်လို စီစဉ်ပေးနိုင်မလဲမေးတော့ အရှင်ဘုရား ရွှေဝါရောင်သံဃာတော်တွေကို ရေလှူဒါန်းသူတွေတောင် အဖမ်းခံရတယ်ဘုရား ဘယ် လိုမှ မဖြစ်နိုင်ပါဘူးဟုလျှောက်ထားတာနဲ့ လက်လျှော့လိုက်ရ၏ အလှူငွေတွေကိုတော့သံဃာငါးပါးအစီအစဉ်နဲ့ ထိမ်းသိမ်းထား ၏ မလေးရှားရောက် အဖွဲ့အစည်းအချို့ကလည်း အလှူငွေတွေ ဘာလုပ်ရမှန်းမသိတာနဲ့ ဘုန်းကြီးတွေထံသာ လာအပ်ကြ၏။
 


Type your summary here. Type the rest of your post here.

No comments: