မလေးရှားတွင် မြန်မာတွေဦးဆောင်ပြီး
လည်ပတ်နေသော စက်ရုံတွေ များစွာရှိပါ၏ မြန်မာတွေ၏ အရည်အသွေးသည် ထက်မျက်ပါ၏
မလေးရှားသူဋ္ဌေးတွေ မြန်မာလုပ်သားဆို အလွန်ကြိုက်ပါ၏ သင်လွယ် တတ်လွယ်သော
အရည်အချင်းကြောင့် ကြိုက်နှစ်သက်ခြင်းဖြစ်၏ ဘုန်းကြီးတို့လည်း မြန်မာလုပ်သားတွေ
သာရေးနာရေး ဆွမ်းစားကြွတိုင်း ကိုယ်ကျင့်သိက္ခာအခြေခံ တဲ့ ရိုသားခြင်းဆိုတဲ့တရားကိုသာ
အဓိကဟောကြားပေးရ၏ ရိုးသားလျှင်မိမိလည်းဂုဏ်ရှိသလို မိမိ မိသားစုလည်း ဂုဏ်ရှိတယ်
မိမိတိုင်းပြည်လည်း ဂုဏ်ရှိတယ် မြန်မာတွေ ရိုးသားတယ်ဆိုတာ လက်မထောင်ပြီး
ဂုဏ်ယူနိုင်အောင် ကြိုးစားပါလို့ တိုက်တွန်း နှိုးဆော်ရ၏။
တကယ်လည်း မြန်မာအများစုသည် ရိုးသားကြပါ၏
ရိုးသားလို့လည်း မလေးတရုပ်သူဋ္ဌေးတွေက မြန်မာတွေကို မန်နေဂျာ စူပါဗိုက်စာ
ရာထူးတွေပေးထားတာတွေ့ရ၏ တချို့ကလည်းစူပါဗိုက်စာ မန်နေဂျာ ရာထူးတွေရမှ
သူဋ္ဌေးကိုဖားပြီး မြန်မာအခြင်း ခြင်း ပြန်လည်နှိပ်ကွပ်တာတွေလည်း ကြားရ၏ အဲဒီလို
အထက်ဖားအောက်ဖိ မိမိ အမျိုးကို မစောင့်ရှောက်တဲ့ တနပ်စားသမား တွေလည်း တွေ့မြင်ရ၏
ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို မစောင့်ရှောက်ဘဲ ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုတဲ့
အတ္တသမား အမျိုးယုတ်တွေလည်း ဆွမ်းဆံထဲ ကြွက်ချေးရောပါသလို ရှိနေတတ်ပါ၏။
မလေးရှားရောက် အလုပ်သမားတွေရဲ့ အခက်အခဲကတော့
ပတ်စပို့ကို သူဋ္ဌေးတွေက သိမ်းထားခြင်းဖြစ်၏ အေးဂျင့်နှင့် လာ သူတွေလည်း
အေးဂျင့်တွေက သိမ်းထားပါ၏ အလုပ်သမားမြန်မာတွေမှာတော့ ပတ်စပို့မိတ္တူ
ဂျလမ်းကပ်စသည်ဖြင့်သာ လက် ထဲမှာ ကိုင်ထားရ၏ လမ်းသွားလို့ ရဲကားနှင့်တွေ့ရင်လည်း
အစစ်ဆေးခံရ၏ အော်ပရာစီဝင်ရင်လည်း အစစ်ဆေးခံရ၏ ရဲတွေ အော်ပရာစီ ၀င်သူတွေလည်း
မထင်ရင် မထင်သလို ဖမ်းတတ်၏ ပတ်စပို့မိတ္တူ ဂျလမ်းကတ်ကို လက်မခံတဲ့ ရဲတွေ အော်ပရာစီ
တွေနဲ့ တွေ့လျှင် အဖမ်းခံရပြန်၏။
တခါတေလေ သူတို့ဥပဒေတွေကလဲ သူတို့လုပ်စားဖို့
ဖန်တည်းထားသလိုဖြစ်နေ၏ ရဲစခမ်းရောက်လို့ ပိုက်ဆံပေးနိုင်တဲ့သူ တွေ ပြန်လွတ်လာပြန်၏
အမှန်လူတွေက နဲနဲပေးရပြီး အိုသမားတွေကတော့ များများပေးရ၏ ငွေကျေးကတော့ တခါနှင့်တခါ
မတူ တောင်းခြင်သလိုတောင်းတတ်ပါ၏ မြန်မာအလုပ်သမားတွေသည် ပတ်စပို့လက်ထဲ မရှိသည့်အတွက်
အလွန်မျက်နှာငယ် ရပါ၏ အေးဂျင့်ညစ်ပတ်တာလည်း ခံရ၏ ရဲ ညစ်ပတ်တာလည်းခံရ၏
အေးဂျင့်အများစုကတော့ ညစ်ပတ်တာများ၏
ဘုန်းကြီးနေတဲ့ အနားဝန်းကျင်တွင် အေးဂျင့်မှ အလုပ်သမားတွေ ထား သည့်အခန်းတခုရှိ၏
မြန်မာအလုပ်သမားတွေကို ခေါ်သောအေးဂျင့်ဖြစ်၏ အတော်ညစ်ပတ်သောအေးဂျင့်ဖြစ်၏ တနေ့ကို
ထမင်းတကြိမ်သာချက်ကျွေးပြီး ဟင်းကိုလည်း ရေလုံပြုတ်ပုံစံသာကျွေးနေ၏
မြန်မာလေးတွေသည် ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး အကြောင်းစုံပြောပြတော့
ဘုန်းကြီးရင်ထဲမှာ မချိအောင်ခံစားရပါ၏ တနေ့တနပ်ဘဲ စားနေရသော မြန်မာလေး တွေကို
ဘုန်းကြီးကျောင်းခေါ်ပြီးကျွေးမွေးရ၏။
သူတို့ကိုလည်းပြောပြရ၏ ဘုန်းကြီးကျောင်းဆိုတာ
မင်းတို့မြန်မာတွေရဲ့ အားကိုးရာနေရာတခုဘဲ ဘယ်တော့မှ ထမင်းအငတ် မခံနဲ့ မင်းတို့ကို
ငါကျွေးနိုင်တယ် အလုပ်မရမခြင်း ငါ့စီမှာလာစားဟု ပြောရ၏ သူတို့လည်း ကြာတော့
အားနာသည်ထင်၏ ပေါ် မလာတော့ ဘုန်းကြီးလည်း ဖုံးဆက်ပြီး
ကျောင်းမှာသန့်ရှင်းရေးလာလုပ်ပေးစမ်းပါဟု ပြောပြီးခေါ်ရ၏ သန့်ရှင်းရေး လုပ်ပြီးမှ
သူတို့အတွက် ချန်ထားတဲ့ ဆွမ်းဟင်းတွေကို ထဲ့ပေးရ၏ တပည့်တော်တို့က လှူရမှာဘုရား
ဘုန်းကြီးကျောင်းကဘဲ ယူစားနေ တော့ ကြာတော့ မျက်နှာပူတယ်ဘုရား။
အော်---မြန်မာတွေ စားစရာမရှိသော်လည်း
ဘုန်းကြီးကို ဒုက္ခပေးရမှာ အားနာနေပုံရ၏ မြန်မာပြည်လို သဘောမထားရဘူး ကွ
မြန်မာပြည်မှာ ရှားတာမှန်သော်လည်းဘဲ မလေးရှားမှာ စားစရာအင်မတန်ပေါတယ်
စားမည့်သူမရှိလို့ သွန်ပစ်နေရတာများ တယ် မင်းတို့မစားရင်လည်း ငါကသွန်ပစ်ရမှာဘဲ
သွန်ပစ်၇တာ သမျှောစရာကြီးကွာ မင်းတို့ဗိုက်ထဲ ထည့်ထားလိုက်ပါကွာဟု ပြောဆိုပြီး
အချိုေ၇ပုလင်းတွေ မုံ့တွေပါထည့်ပေးလိုက်ရ၏။
Type your summary here. Type the rest of your post here.
No comments:
Post a Comment