အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Wednesday, October 22, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၁၉)



  ခရစ်ယန်အများစုရှိသောနိုင်ငံမှ၊ ထိုခရစ်ယန်ဘာသာဝင်မိသားစုထဲတွင်၊ Steven ကို ၁၉၆၆-ခုနှစ်က ဖွားမြင် ခဲ့ပါ၏။ Steven ဟာ၊ လူငယ်ဘ၀က ဘာသာတရားဆိုလို့၊ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်မိခဲ့သူ ဖြစ်၏။ (၁၀) ကျော်(၂၀) ၀န်းကျင် အရွယ်ရောက်မှ၊ အိန္ဒိယနိုင်ငံမှာ၊ ဂေါတမဗုဒ္ဓဆိုတဲ့၊ ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဘူးကြောင်းကို၊ နာမည် လောက်သာ ကြားခဲ့ဘူး၏။
   အရွယ်ရောက်လာတဲ့အခါမှာ၊ Steven ဟာ၊အိန္ဒိယနိုင်ငံကို၊ နိုင်ငံခြားပညာသင်သွားခဲ့၏။ အိန္ဒိယမှာ၊ ထိုင်းလူ မျိုး ထေရ၀ါဒ ဗုဒ္ဓရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခွင့်ရခဲ့ပြီး၊ ဗုဒ္ဓဝါဒကို အနည်းငယ်လေ့လာခွင့်ရခဲ့ပါ၏။ ထိုင်းဘုန်း တော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း၊ Steven ဟာ၊ ဗုဒ္ဓဝါဒကိုဆက်လက်လေ့လာဖို့ သိပ်ပြီးစိတ်ဝင်စားခဲ့၏။
     Steven ဟာ၊ ဗုဒ္ဓဘာသာကို ဆက်ပြီးလေ့လာရန်အတွက်၊ တိဗတ်ဘုန်းတော်ကြီး ဒလိုင်းလားမားရှိရာကို၊ အရောက်သွားကာ၊ ၀ဇိရာယာန ဗုဒ္ဓဘာသာကို လေ့လာခဲ့ပြန်၏။ Steven စိတ်ထဲတွင်၊ထေရ၀ါဒ ဗုဒ္ဓဘာသာကို သာ စိတ်ဝင်စားတာနှင့်၊ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတွေသို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့၏။
    မိမိယုံကြည်သော၊ ထေရ၀ါဒ ဗုဒ္ဓဘာသာထွန်းကားရာ၊ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့၏။ လေ့လာရုံနဲ့ မပြီးသေး ဘ၀မှာ စားဝတ်နေရေးကလည်း၊ အရေးကြီးတာမို့၊ စားဝတ်နေရေး ဖြေရှင်းဖို့အတွက်၊ နိုင်ငံခြားသား ခရီးသွား တွေများတဲ့ ဒေသတစ်ခုမှာ၊ ဒိုင်ဗင်ပစ်၊ ရေကူးနည်းပြလုပ်ခဲ့ကာ၊ စားဝတ်နေရေးကို ဖြေရှင်းခဲ့၏။
   Steven ဘဝဟာ၊ အတိုင်းအတာတစ်ခု ပြည့်ပြည့်စုံစုံ နေခဲ့ရပါ၏။ Steven ဟာ၊ လောကီဥစ္စာပြည့်စုံမှုတွေမှာ၊ ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့၊ ငြီးငွေ့တဲ့ ၊သံဝေဂဥာဏ်တွေ ဖြစ်ပေါ်နေ၏။ မိမိလုပ်နေတဲ့ အလုပ်ကိုလည်း စိတ်ဝင်စားမှု နည်းလာ၏။ နောက်ပိုင်းလက်ရှိအလုပ်ကို စွန့်လွှတ်ပြီး၊ မိခင်နိုင်ငံကို ပြန်သွားခဲ့၏။       
   မိသားစုနဲ့ ဆွေမျိုးတွေက၊ Steven ကို၊ ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြ၏။ သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့၊ ဒိုင်ဗင်ပစ်၊ ရေကူး ရာမှာသုံးတဲ့ ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့၊ယောဂီတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရ၏။    
  အခြားလူတွေအတွက်တော့၊ရေကူးစရာပင်လယ်မရှိ၊ တရားဆွေးနွေးစရာဗုဒ္ဓဘာသာဝင်မရှိတဲ့ နိုင်ငံကို၊ ဒါတွေ သယ်လာတယ်ဆိုတော့ ထူးဆန်းနေကြ၏။ထိုင်းနိုင်ငံက ပြည့်စုံတဲ့ဘဝကို စွန့်ပစ်ခဲ့တော၊တချို့က မင်းစိတ်မှမှန် သေးရဲ့လား ဆရာဝန်ပြပါလားလို့ နောက်ပြောင်ကြ၏။
  Steven ကတော့၊ တရားစာအုပ်တွေဖတ်လိုက် လက်တွေ့တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ် လေ့လာလေ့ ကျင့်နေခဲ့၏။ သူမရှိတော့တဲ့ နောက်ပိုင်းမှာသူအလုပ်၊လုပ်ခဲ့တဲ့ ထိုင်းနိုင်ငံ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ် ခံလိုက်ရတော့ သူနဲ့ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့ သတင်းကိုကြားလိုက်ရ၏  Steven တယောက် သံဝေဂ ဖြစ်ကာ အော်---လူ့ဘ၀ဆိုတာ မွေးဖွားပြီး သေဖို့စောင့်နေရသလို ဖြစ်နေတယ်ဆိုတာ ပိုပြီး သဘောပေါက်လာ၏။
  ဆရာတော်လောင်းလျာတွက်လည်း၊သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါ၏။တကယ်လို့များ ထိုင်းနိုင်ငံတွင် ဆက်လက်  နေမည်ဆိုပါက၊ ဆူနာမီ၏ သားကောင်ဘ၀ကို သူရောက်ရှိမှာဖြစ်၏။ ခုတော့ အမိနိုင်ငံကို ပြန်လာတဲ့အတွက် သူ ကံကောင်ခဲ့ပါ၏။  Steven က၊ ငါဟာ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့်၊ နတ်ကောင်း နတ် မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးထင်မိလာ၏။
   အချို့သော ဆွေမျိုးတွေက ဆိုရင်၊ စာအုပ်တွေအားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့၊ ခရစ်ယန်ဘိုင်ဘယ်တစ်မျိုးတည်း ကိုသာ ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့စည်းရုံးကြပြန်၏။ သူ့ကို အချို့ကလည်း ဆိတ် ကလေး၊ ကြက်ကလေးတွေ စားဖို့လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြ၏။
 

Type your summary here. Type the rest of your post here.

No comments: