အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, November 25, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၄၁)

   ကာမေသုမိစ္ဆာစာရကံကြောင့် ဒု-သ-န-သော
    ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိလက်ရောက် လွန်ကျူးမိလျှင် ဒု-သ-န-သော-ထိုက်လိမ့်မယ် ဆိုတဲ့ စကားရပ်လေးကို ဗုဒ္ဓဘာသာဝင်တိုင်း ပြောဆိုနေကြ စကားတစ်ခုဖြစ်ပါ၏။
    ထို ဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ-ဒီလိုပါ။ တကယ်တော့ ဒု၊ သ၊ န၊ သောဆိုတဲ့ စ ကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့ လူဘဝရနေခိုက် ငွေကြေးချမ်းသာမှု အရှိန်အဝါကို မကောင်းတဲ့ အကု သိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီး စွာ အော်ဟစ်မြည်တမ်း လိုက်တဲ့အသံများဖြစ်၏။
    ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကိုပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊ အင်မ တန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာလည်းဖြစ်ပါ၏။ ဒီအကြောင်းကို ကောသလမင်းကြီးအား အကြောင်းပြုပြီး မြတ်စွာဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်၏။
     သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော် ကိုစီးပြီး နေပြည်တော်ကို လှည့်လည်၏။ အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအား လှမ်းမျှော် ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက် လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရ၏။
    နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင် လင်ရှိသူ ဖြစ်သလော၊မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်၏။မင်းလုလင်၏ စုံစမ်း ချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲ ခစား ရန် မင်းလုလင်အဖြစ်တာဝန် ပေးခဲ့၏ မယားလိုချင်လို့ လင်ကိုအလုပ်ခန့်ပြီး အကောက်ကြံဖို့ အစီအစဉ်ဖြစ်၏။
    ဒါပေမယ့် မင်းလုလင်ဟာ မင်းမှုထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာ ကြောင့် တထိတ်ထိတ်တလန့်လန့်နဲ့နန်းတော်တွင်း၌ခစားနေရ၏။ ကောသလမင်းကြီး၏အကြံကိုလည်းတစ်စွန်း တစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးနေ၏။
    ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့ နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေခိုင်းလိုက်၏။ ညနေ မိမိ ရေချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ် ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်၏။



Type your summary here. Type the rest of your post here.

No comments: