အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, November 21, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၃၈)





     ကာမေသုမိစ္ဆာစာရကံကြောင့် အမျိုးသားများခံစားရပုံ
    ရှေးအခါက ဧရကစ္ဆ ဆိုတဲ့မြို့လေးတစ်မြို့မှာ ရွှေပန်းထိမ်လုပ်ငန်းလုပ်ပြီး ချမ်းသာ ကြွယ်ဝနေသူ လုလင် တစ်ယောက်ရှိ၏။ ပန်းထိမ်လုလင်လေးက ပစ္စည်းလည်းကြွယ်ဝ၏၊ အရွယ်ကလည်းကောင်းနေတော့ အပျော် အပါး လိုက်စားလွန်းသူ တယောက်ဖြစ်နေ၏။
   ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ ကာမပိုင်ယောင်္ကျားမရှိတဲ့မိန်းမ၊ ရုပ်ရည် ချောမောသော မည့်သည့် မိန်းမမဆို ထိုလုလင်လေးနှင့် လွတ်ကင်းသောမိန်းမဆိုတာ မရှိသလောက်ပါပဲ။ ထိုထိုသော မိန်းကလေးများနှင့် ဖောက်လွဲ ဖောက်ပြန် မှားယွင်းတဲ့အကျင့်ကို ကျင့်နေသူဖြစ်၏။
      ထိုကဲ့သို့ ကာမဂုဏ်အပျော်အပါးနဲ့ အပျော်ကြီးပျော်ပါးကာ ကောင်းမှုကုသိုလ်ကိုတော့ ဘာကုသိုလ်မှမလုပ် စေတနာမရှိ သဒ္ဓါတရားလည်းမရှိ တဘ၀စံသမားသက်သက်သာဖြစ်၏။ ထိုဘ၀မှသေလွန်သောအခါ မိမိကျူး လွန်ခဲ့သည့်ကာမေသု မိစ္ဆာစာရအကုသိုလ်ကံကြောင့် ဆိုးကျိုးတွေထဲကတစ်ခုဖြစ်တဲ့ငရဲကိုကျရောက်ခြင်းဆိုတဲ့ ဆိုးကျိုးကို ခံစားရပါတော့၏။   
 ငရဲကနေလွတ်လာ ပြန်တော့လည်း တစ်ခါတိရိစ္ဆာန်ဘဝ မျောက်ဘဝ ဖြစ်ရပြန်၏။ မျောက်ကလေး(၇) နှစ်သား အရွယ်ရောက်လာတော့ သင်းအုပ်မျောက်ကြီးရဲ့ဂွေးကိုက်ဖြတ်ခြင်းဖြင့် သင်းကွတ်ခြင်းကိုခံရပြန်၏။ မျောက် ဘဝကနေ သေတော့ တစ်ခါဆိတ်ဘဝရောက်ရပြန်၏။ ထိုဆိတ်ဘ၀မှာလည်း သူတပါးမယားကို ပြစ်မှား မိတဲ့ အကုသိုလ်ကံကြောင့် ဝှေးစေ့ထုတ်ကာ သင်းသတ်ခံရပြန်၏။
    ထိုဆိတ်ဘဝကိုလွတ်ပြန်တော့ နွားဘဝကိုရောက်ရပြန်၏ ထိုနွားဘ၀မှာလည်း တစ်နှစ်သားအရွယ်တွင်သင်း ကွတ်ခြင်းကိုခံရပြန်၏။ ပြီးတော့မျက်စေ့လည်းကန်းရပြန်၏။ မျက်စေ့ကန်းပြီး မကျန်းမမာဖြစ်သော်လည်း ထွန် ဆွဲရ လှည်းရုန်းရတဲ့ အလုပ်ကြမ်းများကို မနားမနေလုပ်ရပြန်၏။  
    ထိုကာမေသုကံကိုလွန်ကျူးမိတဲ့သူများ ခံစားရတဲ့ဆိုးကျိုးတွေထဲက အပါယ်လေးဘုံသို့ကျရောက်တဲ့ ဆိုးကျိုး တွေဖြစ်၏။ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးတွေဆက်တိုက်ဆိုသလို နလန်မထူနိုင်အောင် ခံနေရခြင်းဖြစ်၏။ ထိုဆိုးကျိုးတွေ မကုန်သေးပါဘူး။ အဲဒီနွားဘဝကနေစုတိပြန်တော့ ကျွန်မတစ်ဦးရဲ့သား ဖြစ်ရပြန်၏။
    သားဆိုသော်လည်း ကာမေသုမိစ္ဆာစာရ ဆိုးကျိုးတွေထဲက တစ်ခုဖြစ်တဲ့ယောင်္ကျားမဟုတ် မိန်းမမဟုတ်၊ နပုံးပဏ္ဍုက်သာ ဖြစ်ရပြန်၏။ ယောင်္ကျားစစ်စစ်၊ တည်ကြည်ခန့်ညားတဲ့ယောင်္ကျားမျိုးမဟုတ်ပါဘူး။ ဒါနဲ့ နေလာ လိုက်တာ အသက်အားဖြင့်သုံးဆယ်လောက်ရောက်တော့ သေဆုံးသွားပြီး အင်မတန်မှဆင်းရဲမွဲတေတဲ့ လှည်း ကူလီကြီးရဲ့သမီးဖြစ်ရပြန်၏။    
    ထိုလှည်းကူလီကြီးရဲ့သူဋ္ဌေးလှည်းကုန်သည်ကြီးက ထိုလှည်းကူလီထံမှ သမီးကို အကြွေးနဲ့သိမ်းပိုက်လိုက် ပြန်၏။ ထိုမိန်းကလေး အသက်တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်တော့ လှည်းကုန်သည်ကြီးရဲ့သားက ချစ်လှ ပါသည်ဆိုကာ သိမ်းပိုက်လိုက်ပြန်၏။ ခင်ပွန်းသည်နှင့် မယားကြီးစိတ်ကြည်သာကြပါစေဆိုပြီး ဝတ္တရားကျေပွန် အောင် နှိမ့်ချရိုကျိုးသောစိတ်ထားဖြင့် ဘယ်လိုပင် ပြုစုလုပ်ကျွေးငြားသော်လည်း ချစ်ခင်မှုကိုနည်းနည်းလေးမှ ပင်မရပါ။ အမုန်းသာအဖက်တင်ခဲ့ရပါ၏။  
 


Type your summary here. Type the rest of your post here.

No comments: