အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, December 4, 2014

နို့ကြွေးဆပ်သူ-အာဂလူ(၄၄)





  မုသာဝါဒဆိုသည်မှာ       
        မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
    မုသာဝါဒါ -မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်း မြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ - စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
    မဟုတ်မမှန်သော စကားကို ဟုတ်မှန်သောအားဖြင့်သိစေခြင်းကို မုသာဝါဒလို့ခေါ်ပါ၏။ မဟုတ်မမှန်သော စကားကို ဟုတ်မှန်သောအားဖြင့် သူတပါးကို ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ဖြစ်စေတတ်သော စေတနာ ကို ကောက်ယူရပါမည်၊ မဟုတ်မမှန်သော စကားလို့ ဆိုပေမယ့် နှုတ်ဖြင့် ပြောမှသာ မဟုတ်ပါဘူး၊ စာဖြင့်ရေး တာ၊ ကိုယ်လက်စသည် လှုပ်ပြတာလဲ မုသာဝါဒ ပါပဲ။ သူတစ်ပါး အကျိုးပျက်အောင် လိမ်ညာတဲ့ မုသား မျိုးဟာ အပါယ်ရောက်စေနိုင်ပါ၏။
        မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဟူ၍ဆိုရာ၌ မုသားဆိုသည်မှာ လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်း မလုပ်ခြင်းပင် ဖြစ်၏။ အမှန်အားဖြင့် လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်းမလုပ်ခြင်းသည် သူတစ်ဖက်သားကို အထင်မှားအောင် လှည့်စားခြင်းဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကိုဖြစ်စေ၊ လူအများကိုဖြစ်စေ၊ အထင်မမှား ရလေအောင် ကြွားဝါခြင်း မပြုဘဲ မှန်မှန်ကန်ကန် ပြောဆိုခြင်းနှင့် ပြောသည့်အတိုင်း လုပ်ခြင်းသည် မုသာဝါဒါ ဝေရမဏိအရ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်သည်မည်၏။
     လောကတွင် လူဟူသည် တစ်ဦးနှင့်တစ်ဦး မလွဲမသွေ ဆက်ဆံရ၏။ ထိုသို့ ဆက်ဆံရာတွင် စကားသည် ပဓာနကျသော ကဏ္ဍမှပါဝင်၏။ စကားကို အားကိုး၍ ယုံထိုက် မယုံထိုက်ဆုံးဖြတ်ကာ ဆက်ဆံရခြင်း ဖြစ်လေ
ရာ မမှန်ကန်သော စကားကို အားကိုးပြီး ဆက်ဆံမိပါက လောကသည် ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။
   ထို့ကြောင့် တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းရေးအတွက် မုသာဝါဒ သိက္ခာပုဒ်မှ ရှောင်ကြဉ်ကာ မှန်မှန်ကန်ကန် ပြောဆိုပြီး ဆက်ဆံဖို့လို၏။ ထိုကဲ့သို့ ပြောဆိုပြီး ဆက်ဆံခြင်းအား ဖြင့် လောက၌ ငြိမ်းချမ်း သာယာမှုကို ဖြစ်ထွန်းစေနိုင်၏။
       နှုတ်တစ်ရာ စာတစ်လုံးဟူသော ဆိုရိုးစကား ရှိ၏။ အမှန်အားဖြင့် စာဟူသည်မှာလည်း စကား၏ အုပ်စုဝင် ပင်ဖြစ်၏။ သို့ဖြစ်လေရာ ဝစီကံသည် သစ္စာနှင့် ယှဉ်ပါက လောကကို စောင့်ရှောက်တတ်၏။ သစ္စာနှင့် မယှဉ်ပါ က လောကကို ဖျက်ဆီးတတ်၏။ ထို့ကြောင့် လောက၏ ကောင်းကျိုးဆိုးပြစ်သည် ဝစီကံအပေါ်၌ တည်၏။
  မုသာဝါဒါ ဝေရမဏိအရ မုသားကို မဆိုခြင်းသည် ဖြောင့်မတ်ခြင်း ဖြစ်၏။ ထိုဖြောင့်မတ်ခြင်းသည် နှစ်မျိုးရှိ၏။ သာမန်ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်းတို့ ဖြစ်ကြ၏။ သာမန်ဖြောင့်မတ်ခြင်းကို ပါဠိဝေါဟာရအားဖြင့် ဥဇုဟုခေါ်၏။ အလွန်ဖြောင့်မတ်ခြင်းကို သုဟုဇုဟုခေါ်၏။ သာမန်ဖြောင့်မတ်ခြင်းအရ ကိုယ်နှင့်နှုတ်ရှေ့နောက် ညီညွတ်ခြင်း ဖြစ်ပါက မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို အသွင်သဏ္ဍာန်အားဖြင့် စောင့်ထိန်းရာရောက်၏။
 


Type your summary here. Type the rest of your post here.

No comments: