အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, January 9, 2015

နို့ကြွေးဆပ်သူ-အာဂလူ(၇၁)





   အမေ့နို့ဖိုးကြေအောင်ဆပ်သွားတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာ ကောင်းပါ၏။
  မဂဓတိုင်း ရာဇဂြိုဟ်မြို့တော်၏အနီး ဗြာဟ္မဏ လူမျိုးများနေထိုင်ကြသော နာလကဆိုသည့် ရွာကြီးတစ်ရွာ တွင် ဖခင် ၀င်္ကန္တပုဏ္ဏားကြီးနှင့် မိခင်ကြီး သာရီပုဏ္ဏေးမတို့မှ သားသမီး (၇)ယောက်ဖွားမြင်၏။ ဥပတိဿ၊ ဥပသေန၊ စုန္ဒ၊ ရေ၀တ ၊ သားယောက်ျား(၄) ယောက်နှင့် မိန်းကလေး လေးယောက်မှာ စာလာ ၊ဥပစာလာ၊ သီသူပစာလာ၊ တို့ဖြစ်၏။
  ထိုနာလက ရွာကြီးမှာပင် မောဂ္ဂလိပုဏ္ဏေးမကြီးသား ကောလိတနှင့် ဥပတိဿတို့ သည် အလွန်ရင်းနှီးသော ငယ်သူငယ်ချင်းများဖြစ်၏။ သူငယ်ချင်း နှစ်ယောက်တို့သည် ငယ်စဉ်အခါမှစ၍ အတူတစ်ကွ နေထိုင်သွားလာခဲ့ ကြ၏။ တစ်နေ့သောအခါတွင် သူငယ်ချင်းနှစ်ယောက်တို့သည် ရာဇဂြိုဟ်မြို့ တော်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တောင်ထိပ် ပွဲသဘင်သို့  အတူသွားရောက်ကြည့်ရှုကြ၏ ပါရမီပြည့်ချိန်ရောက်နေသည့် ဥပတိဿ၏ သဏ္ဍာန် တွင် အတွေးတခုပေါ်လာ၏။
    လူဘဝဟူသည် ဘာမျှရှည်ကြာလှသည်မဟုတ် ၊မည်သူမဆို အနှစ်တစ်ရာအတွင်း၌ပင် သေကြရမည်ဖြစ်၏။ ထိုသို့ တိုတောင်းလှသည့် ဘဝသက်တမ်းအတွင်း အပျော်အပါးလိုက်စားနေခြင်းဖြင့်သာလျှင် အချိန်ကုန်နေ၍ မဖြစ်သင့်၊ သေခြင်းတရားမှလွတ်မြောက်ကြောင်း တရားကို ရှာကြံအားထုတ်သင့်လှ၏ ဟု တွေးမိလေ၏။
   ဥပတိဿသည် ခါတိုင်းကဲ့သို့  ပွဲသဘင်၌ ပျော်ရွှင်စွာ စိတ်ပါလက်ပါမရှိလှဘဲ၊ ခပ်တွေတွေဖြစ်နေ၍ သူငယ် ချင်း ကောလိတက အဆွေ-ဥပတိဿ၊ ဘာတွေကို စဉ်းစားနေပြီး၊တွေဝေနေပါသလဲ၊သူငယ်ချင်းဟု မေးလေ၏။ ဥပတိဿကလည်း စဉ်းစားဆင်ခြင်နေမိသည်ကို ပြန်လည်ပြောပြလိုက်၏။ ကောလိတကလည်း မိမိလည်း ထို သို့ တွေးဆင်ခြင်မိပါကြောင်းပြောလိုက်၏။ ၊
    သူငယ်ချင်းနှစ်ယောက်တို့ စိတ်တူသဘောတူဖြစ်ကြ၍ သေခြင်းမှလွတ်မြောက်ရာ တရားကို ရှာကြရန် သ ဘောတူ ဆုံးဖြတ်ခဲ့ကြ၏။ ထိုအချိန်တွင်သိဉ္စည်းအမည်ရှိ ပရိဗိုဇ် ရဟန်းတစ်ပါးသည် ထင်ရှားသောဘာသာရေး ဂိုဏ်းဆရာတစ်ဦး ဖြစ်ပြီး တပည့်များစွာနှင့် ရာဇဂြိုဟ်ပြည်၌ နေထိုင်လျှက်ရှိ၏။
   ဥပတိဿနှင့်ကောလိတသူငယ်ချင်းနှစ်ယောက်တို့သည် ထိုသိဉ္စည်း ပရိဗိုဇ်ထံသို့ သွား၍ ရဟန်းပြုကြလေ၏။ ရဟန်းပြုပြီး နှစ်ရက်သုံးရက် အတွင်းမှာပင် သိဉ္စည်းဆရာ၏ အယူဝါဒ အားလုံးကို သင်ယူတတ် မြောက်ကြ၏။ ထိုသိဉ္စည်း ဆရာ၏ အယူဝါဒ၌ မိမိတို့ ရှာဖွေနေသော သေခြင်းမှလွတ်မြောက်သော တရားမရှိကြောင်း သိလေ သောအခါ ကောလိတ နှင့် ဥပတိဿတို့ သည် မြို့၊ရွာ၊နယ်များသို့ လှည့်လည်၍ပညာရှိပုဂ္ဂိလ်များ ထံချဉ်းကပ်ပြီး သေခြင်းတရားမှ လွတ်မြောက်ကြောင်းတရားကို မေးမြန်း စုံစမ်းကြ ပြန်၏။
   ဤသို့ ရှာဖွေစုံစမ်းမေးမြန်းပါသော်လည်း မိမိတို့ လိုချင်သောတရားကို မတွေ့ ရှိသဖြင့် ရာဇဂြိုဟ်ပြည်သို့  ပြန် လာပြီး သိဉ္စည်းဆရာကျောင်း၌ပင် နေကြ၏။ ထိုသို့ နေထိုင်နေကြစဉ် မကြာမြင့်မှီအချိန်တွင် မြတ်စွာ ဘုရားရှင် သည် ရာဇဂြိုဟ်မြို့သို့ ကြွရောက်လာပြီးဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးနေထိုင်တော်မူ၏။  
     မြတ်စွာဘုရားရှင်၏ဓမ္မစင်္ကြာ တရားဦးကိုကြားနာခဲ့ကြရသော ပဉ္စဝဂ္ဂီ ရဟန်းငါးဦးတို့ တွင် တဦးအပါအဝင် ဖြစ်သော အရှင်အဿဇိ မထေရ်သည် တစ်နေ့ သော နံနက်ခင်းတွင် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ကြွတော်မူစဉ် ဥပတိဿ ပရိဗိုဇ်သည် ကြည်ညိုဖွယ်ရာ အရှင်အဿဇိရဟန်းတော်ကိုတွေ့ မြင်တော်မူ၏။
  လောက၌ ရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ် သို့မဟုတ် ရဟန္တာဖြစ်ကြောင်း တရားကို တွေ့ ရှိထားသော ပုဂ္ဂိုလ်တို့  တွင် ဤရဟန်းသည် တစ်ပါးအပါအဝင်ဖြစ်ပေလိမ့်မည် ဟု စဉ်းစားမိ၍ မိမိအလိုရှိနေသော တရားကို စုံစမ်းမေး မြန်းမည်ဟုကြံ၍ အရှင်အဿဇိ ဆွမ်းခံကြွရာနောက်မှ လိုက်သွားရာ အရှင်အဿဇိသည်ဆွမ်းခံပြီး၍ သင့်တော် သောနေရာသို့ ရောက်လေသော် ဆွမ်းဘုဉ်းတော်မူ၏၊
  ထိုအခါ ဥပတိဿသည် အနီးသို့ ချဉ်းကပ်၍အရိုသေပြုပြီးလျှင် အရှင်၏ဆရာသည်အဘယ်သူဖြစ်ပါသနည်း။
အရှင်သည်အဘယ်သူတရားကိုနှစ်သက်ပါသနည်း ဟု မေးလျှောက်သည်ရှိသော်၊ အို...ပရိဗိုဇ် ငါ၏ဆရာကား ဂေါတမ ဗုဒ္ဓဖြစ်ပါ၏။ ငါသည် ဂေါတမဗုဒ္ဓ၏ တရားတော်ကို အကြွင်းမဲ့ ယုံကြည် နှစ်သက်သူဖြစ်ပါ၏ဟု အရှင်
အဿဇိ ဖြေကြားလေ၏။
   အရှင်မြတ် ဤသို့ ဖြစ်လျှင် သင်တို့၏ဆရာ ဂေါတမဗုဒ္ဓ၏တရားကို အနည်းအကျဉ်းပင်ဖြစ်စေ အကျွန်ုပ်အား ဟောကြားပေးပါလော့ ဟု တောင်းပန်လျှောက်လေ၏။ ထိုအခါအရှင်အဿဇိက ဤလောက၌ ရှိရှိသမျှ သော အရာအားလုံးတို့သည် အကြောင်းတရား၏ ပြုစီမံဖန်တည်းမှုကြောင့် ပေါ်ပေါက်လာရကုန်၏၊ ထိုအကြောင်း တရားတို့ကို ငါတို့ဆရာ မြတ်စွာဘုရားသည် ထုတ်ဖော်ဟောကြားတော်မူ၏။
     ထိုအကြောင်းတရားနှင့် အကျိုးတရားနှစ်ပါးတို့ ၏ ချုပ်ငြိမ်းကြောင်း လမ်းစဉ်ကိုလည်း ညွှန်ပြတော်မူ၏

 


Type your summary here. Type the rest of your post here.

No comments: