အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, September 28, 2015

အသုဘနှင့် ရှုသူ-ပို့သူ(၇)





    အသုဘကို နိမ့်ကျသည်ဟု အမြင်ရှိသူတွေသည် မိမိကိုယ်တိုင် နိမ့်ကျနေသူဖြစ်၏။ အသုဘကို မြင့်မြတ်သော လုပ်ငန်းဟု အမြင်ရှိသူတွေသည် မြင့်မြတ်သူတွေသာဖြစ်၏။ ဒါ့ကြောင့် အသုဘဆိုသည်မှာ ကုသိုလ်တွေ အများကြီးရပြီး ပွားတတ်လျှင် ဘာဝနာဖြစ်တာမို့ မြင့်မြတ်တဲ့ သူတော်ကောင်းတွေ ဘာသာ ရေး အသိဥာဏ်ကြွယ်ဝတဲ့ သူတွေသာလျှင် လုပ်နိုင်သောကြောင့် မြင့်မြတ်တဲ့အလုပ်ကို မြင့်မြတ်သူတွေ သာ လုပ်နိုင်ခြင်းဟု ဆိုထားခြင်းဖြစ်ပါ၏။ ဒါ့ကြောင် ခုခေတ် သုဘရာဇာသည် စိတ်ထားအလွန်လှပသူဟု ဆိုရမှာဖြစ်၏။
    သုဘရာဇာဟု တသီးတခြားပြောနေရသော်လည်း တကယ်တော့ လူတိုင်း လူတိုင်းသည် မိမိခန္ဓာကို
တကယ် ဆင်ခြင်တတ်မယ်ဆိုလျှင် သက်ရှိလူသားတိုင်း သုဘရာဇာဟု ခေါ်ရမှာဖြစ်၏။ မိမိတို့ခန္ဓာသည် အကြောင်းတရား လေးပါးဟုဆိုအပ်သော၊ ကံ၊စိတ်၊ဥတု၊အာဟာရ၊တို့က စေ့ဆော်ပုံဖေါ်သဖြင့်၊ ဓါတ်လေး ပါး အဖွဲ့အစည်းဖြစ်သော ခက်မာခြင်း၊ ဖွဲ့စေးခြင်း၊ပူအေးခြင်း၊ထောက်ကန်ခြင်း၊တည်းဟူသော၊ခန္ဓာငါးပါး၊ ဖေါက်ပြန်၊ခံစား၊မှတ်သား၊ပြုပြင်၊သိဝိဥာဏ်တို့ ဖြစ်ပေါ်လာခြင်းဖြစ်၏။
     ထိုသည့်ဓါတ်လေးပါးတို့သည် အခြင်းခြင်းရုံးကန်ဆွဲငင်ကြကာ အမြဲပင် ပြောင်းလွဲဖေါက်ပြန် ရွေ့လျှား နေကြ၏ တရံမလပ်လည်း ဖြစ်သောခဏ၌ပင် ပျက်ကြပြန်၏။ လက်ဖြစ်တတွက်ဟုဆိုအပ်သော အချိန် တွင်းမှာပင် ရုပ်ခန္ဓာ ပေါင်း ကုဋေငါးထောင် နာမ်ခန္ဓာပေါင်း ကုဋေသုံးသန်းမျှ ဖြစ်လျှက်ပျက်နေကြ၏။ တနည်း သေနေကြရ၏။
     သို့သော်လည်း အကြောင်းလေးပါးတို့က အဆက်မပြတ် ထောက်ပန့်ခွင့်ရနေသောအချိန်တို့တွင် ဆက်လက် အသက်တည်ရှိနေသည်ဟု မြင်ရ ကြားရ သိရ၏။ အထောက်အပန့် အကြောင်းတခုခုက မပြောမဆိုရုပ်သိမ်းပါက ဤခန္ဓာကိုယ်ကြီး သေဆုံးပြီ သတ်မှတ်ကြ၏။ ပရမတ်တရားဖြင့် ကြည့်ပါမူ သတ္တ၀ါတို့သည် အချိန်တိုင်းသေနေကြ၏။ အဆက်မပြတ် အစားထိုးခွင့် ရနေဖို့ရန်အတွက် ကြောင့် ကြနေရ၏။
     ထိုကဲ့သို့ အချိန်တိုင်းသေနေရသည့် မိမိခန္ဓာကိုယ်ကြီးကို အသုဘဟု ခေါ်ဆိုနိုင်၏။ အသုဘဟူသည် မတင့်တယ်ခြင်း မြင်မကောင်းခြင်းဟု အဓိပ္ပါယ်ရ၏။ ထိုအသုဘဟုဆိုတဲ့ မိမိခန္ဓာကိုယ်ကြီးကို တင့်တယ် အောင် မြင်ကောင်းအောင် မွေးကြိုင်လှပနေအောင် ပြုပြင်ဆောင်ရွက်နေသူကို သုဘရာဇာဟု ခေါ်ဆို သမုတ်ကြရမှာဖြစ်သောကြောင့် လူတိုင်း လူတိုင်းသည် မိမိခန္ဓာကိုယ်ကို နေ့စဉ်နေ့တိုင်း လှပအောင် ပြင်ဆင်နေသောကြောင့် လူသားတိုင်း သုဘရာဇာဟု ခေါ်ဆိုရခြင်းဖြစ်ပါ၏။
  မလေးရှားအသုဘ         
    မလေးရှားရောက် မြန်မာတွေလည်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသည့် အသုဘတွေလည်း တနေ့တခြား ပိုများလာတာတွေ့ရ၏။ ပူချုန်းဓမ္မရောင်ခြည်ကျောင်း တကျောင်းတည်းပင် တလကို အသုဘ သုံးလေးခါလောက် သရဏဂုံတင်ခြင်း အခမ်းအနား ဆောင်ရွက်ပေးရ၏။
     ဘာ့ကြောင့်သေကြသနည်းဟု စုံစမ်းမေမြန်းသောအခါ အိပ်လျှက်သေဆုံးသွားခြင်းတွေကို များစွာတွေ့ ရ၏။ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပြီး သေဆုံးတာတွေလည်း တွေ့ရှိရ၏။ မကျန်းမာလို့ သေဆုံးတာကတော့ အနည်းစုသာ တွေ့၇ပါ၏။ ၂၀၁၂-နောက်ပိုင်းမှာတော့ မြန်မာပြည် ဘာသာရေးကိစ္စတွေနဲ့ ပက်သက်ပြီး အသတ်ခံရသူတွေ အများစုဖြစ်လာပြန်၏။
     မလေးရှာတွင် အိပ်လျှက်သေသော မသာတွေမှာလည်း အရက်မူးပြီး သေသောမသာက အများစု ဖြစ်တာတွေ့ရ၏။ အရက်မူးတော့ အပူပြန် မနေနိုင်တော့ ပန်ကာဖွင့် မူးနေတော့ ဘာမှမသိ တညလုံး အိပ်ပျော် မနက်ကြတော့ အေးစက်တောင့်တင်းနေသော အသုဘအဖြစ် တွေ့မြင်ရတော့၏။
 


Type your summary here. Type the rest of your post here.

No comments: