အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Monday, October 5, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၁၃)



    သေသူအတွက် ရည်မှန်းပြီး ကုသိုလ်လုပ် အမျှဝေပေးမှသာလျှင် သေသူထံကိုရောက်နိုင်ပါ၏။ အစား အသောက် ကျွေးလိုလျှင် အစားအသောက်လှူပေးရ၏။ အ၀တ်အထည်ပေးလိုလျှင် အ၀တ်အထည် လှူ ပေးရ၏။ နေထိုင်ဖို့ ပေးလိုလျှင် နေရာအဆောက်အဦးလှူပေးရ၏။ ကျန်းမာစေလိုလျှင် ဆေးဝါးပစ္စည်း လှူပေးရ၏။ ဤလှူသောကုသိုလ် တွေကို အမျှဝေပေးမှ သေသူထံရောက်ကောင်းရောက်နိုင်ပါ၏။ မရောက်နိုင်တဲ့ဘ၀ရှိသလို ရောက်နိုင်တဲ့ဘ၀လည်း ရှိသည်ဟု ဆိုခြင်းဖြစ်၏။
ဗုဒ္ဓလက်ထက်က တကယ်ဖြစ်ခဲ့သောဇာတ်လမ်း
    ဗုဒ္ဓလက်ထက်တော်အခါတုံးက တကယ်ဖြစ်ခဲ့သည့် ဤဇာတ်လမ်းကို ဆင်ခြင်ကြည့်ရအောင်။ ရှင်တော် မြတ်ဗုဒ္ဓ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်ကြီးမှာ သတင်းသုံးစဉ်အခါက တကယ်ဖြစ်ခဲ့သော ဇာတ် တော်တခုဖြစ်ပါ၏။ ရာဇဂြိုဟ်ပြည်နှင့်မနီးမဝေး ဗာရာဏသီပြည်ကြီးတွင် စည်းစိမ်ဥစ္စာကြွယ်ဝသောသူဋ္ဌေး ကြီးဇနီးမောင်နှံရှိကြ၏ အမွေခံသားသမီးတော့ တယောက်မှ မထွန်းကားပါ။
    သူဋ္ဌေးကြီး သဒ္ဓါတရားကောင်းသလောက် သူဋ္ဌေးကတော်ကြီး သဒ္ဓါတရားမကောင်းပါ။ သူဋ္ဌေးကြီး သည် နေ့စဉ် နေ့တိုင်း သံဃာတော်အရှင်မြတ်တွေကို ဆွမ်းလောင်း၏။ ခရီးသွားဧည့်သည်တွေကိုလည်း ဧည့်ခံကျွေးမွေး၏။ လာတောင်းစားသော ဖုံးတောင်းယာစကာတွေကိုလည်း စွန့်ကြဲပေးကမ်း၏။
   သူဋ္ဌေးကတော်ကြီးကတော့ အလှူအတန်းကိစ္စတွေမှာ ၀ါသနာမပါ သဒ္ဓါတရားမွဲ နှစ်မျှောတွန့်တိုတဲ့ စိတ်တွေများတာကြောင့် သူဋ္ဌေးကြီးအလှူကိစ္စတွေကို ၀ိုင်းဝန်းကူညီ လုပ်ကိုင်မှုတွေ မပြုလုပ်ဘဲ တော်ရာ မှာသာ အချိန်ဖြုံး နေတတ်၏။
    တနေ့တော့ သူဋ္ဌေးကြီး အရေးကိစ္စတခုဖြင့် ခရီးသွားစရာ ရှိတာနှင့် သူဋ္ဌေးကတော်ကြီးအား သူဋ္ဌေးကြီး နေ့စဉ်လုပ်နေကြဖြစ်သော သံဃာတော်အရှင်မြတ်များအား ဆွမ်းလောင်းတဲ့ကိစ္စ ခရီးသွားများအား ကျွေး မွေးဧည့်ခံခြင်း ကိစ္စနှင့် လာတောင်းစားသော ဖုံးတောင်းယာစကာတို့အား စွန်းကျဲပေးကမ်းခြင်းကိစ္စတွေကို ငါ့ကိုယ်စား မပျက်မကွက် ဆောင်ရွက်ပါလို့ မှာကြားပြီး ခရီးထွက်သွား၏။
       သူဋ္ဌေးကတော်ကြီးလည်း သူဋ္ဌေးကြီးမှာထားသည့်အတိုင်း တပါတ်လောက်တော့ စိတ်ပါလက်ပါ လုပ်ပါ၏။ တာဝန်အရ လုပ်နေတာဖြစ်လို့ ရက်ကြာလာတာနဲ့အမျှ စိတ်ဝင်စားမှုနဲ့ပါးလာ၏။ နဂိုထဲက သဒ္ဓါ တရားမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ အလှူခံတွေအပေါ် စေတနာတွေ ပျက်ပါတော့၏။
     သံဃာတော်တွေ ဆွမ်းခံချိန်မှာ အိမ်တခါးပိတ်ကာ ဆွမ်းဝတ်တွေဖြတ်၏။ ခရီးသွားဧည့်သည်တွေ ရောက်လာရင်လည်း ကျွေးမွေးဧည့်ခံမှု မပြုတော့ပါ။ သူတောင်းစား ဖုံးတောင်းယာစကာတွေ လာတောင်း ရင်လည်း နင်တို့ နှပ်တွေစားပါလား  မစင်တွေစားပါလားလို့ ညစ်ညမ်းတဲ့စကားတွေနဲ့ ပြောဆိုကာ ဆဲဆို
ကြိမ်းမောင်းလွှတ်၏။
      အဲဒီလို ယုတ်ယုတ်ညံ့ညံ့ပြောလိုက်တဲ့ အကုသိုလ်ကံတွေကတော့ သူဋ္ဌေးကတော်ကြီးရဲ့ ဘ၀သံသရာ တလျှောက်လုံး မကောင်းကျိုးတွေနဲ့ ကြုံတွေ့ရမှာတော့ သေချာလှပါ၏။
       ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေလဲသလိုပါဘဲ၊ လူ့ဘ၀မှာလဲ လူဟောင်းလူအိုတွေ သေခြင်း တရားနဲ့ ရင်ဆိုင်ရပြီး ပျက်စီးသွားရသလို မိမိကံအလျှောက် လူသစ်တွေပေါ်လာတာလဲ အကျိုးတရားတခု ပါဘဲ မိမိပြုသောကံ၏ ကောင်းကျိုး မကောင်းကျိုးကိုတော့ လူသားတိုင်းရင်ဆိုင်ရမှာပါ။
      သူဋ္ဌေးကတော်ကြီးတို့လည်း သက်ရွယ်ကြီးရင့်လို့ ဘ၀နိဂုံးချုပ်ကြသောအခါ ကုသိုလ်ကောင်းမှုတွေ သာ လုပ်ခဲ့သော သူဋ္ဌေးကြီးသည် ကောင်းရာသုဂတိသို့ ရရှိခံစားရ၏။ သူဋ္ဌေးကတော်ကြီးကတော့ မိမိ ကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေ အကျိုးပေးကာ၊ အနေဆင်းရဲ၊ အစားဆင်းရဲ၊ အ၀တ်ဗလာနတ္ထိနဲ့ ပြိတ္တမကြီးဘ၀ကို ရောက်ရှိခဲ့ပါ၏။ မိမိဝစီကံအရ ကျူးလွန်ခဲ့သော နှပ်တွေစားပါလား၊ မစင်တွေစားပါလား ဟု ပြောဆိုခဲ့သော အကုသိုလ်ကံတွေ အကျိုးပေးပါတော့၏။
 

Type your summary here. Type the rest of your post here.

No comments: