အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Tuesday, November 10, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၂၆)



    
သုဿာန်ဓူတင်ဆောင်ရဟန်းတော်တွေလည်း သုဿာန်ရောက်လာသည့် အသုဘအကောင်ပုတ်ကို
အသုဘ ကမ္မဋ္ဌာန်းစီဖြန်းတာကိုလည်း အသုဘရှုသည်ဟုဆိုကြ၏။ အလောင်းကောင် အရိုးစုဖြစ်ပေါ် လာလျှင်လည်း၊ အရိုးစု ကမ္မဋ္ဌာန်းကို စီးဖြန်းတာကိုလည်း၊ အသုဘရှုသည်ဟု ဆိုကြ၏၊ ရဟန်းတော်တွေ အသုဘရှု ဆင်ခြင်ပုံဖြစ်၏။
      ရှေးခေတ်မြန်မာကြီးတွေ၏အဆိုမှာ မသာတခေါက် ကျောင်းဆယ်ခေါက်ဟု ဆိုရိုးစကားပြုထားတာ တွေ့ရ၏။ အသုဘရှုဆိုသည့်စကားလုံးသည်၊ ရှေးမြန်မာကြီးတွေ သုံးနှုံးခဲ့သောစကားဖြစ်၏။ သူတို့ခေတ် အခါက အသုဘရှုခြင်းသည်၊ ရှေးကအသုဘချတာကို နောက်ကနေ သေခြင်းတရားဆင်ခြင်ရန်ဖြစ်၏။
    ဤပုဂ္ဂိုလ် ရုပ်နာမ်ဆိုသည့် ခန္ဓာကြီးကို ရရှိထားလို့ မမြဲသောအနိစ္စသဘော သေခြင်းနှင့်ရင်ဆိုင်ရသလို၊ ငါတို့မှာလည်း ရုပ်နာမ်ဆိုသည့် ဤခန္ဓာကိုယ်ကြီး ရှိနေသည့်အတွက် သူ့လိုဘဲ မမြဲခြင်းအနိစ္စသဘော သေရခြင်းတရားနှင့်  မုချကြုံတွေ့ရမှာဘဲလို့ သေခြင်းတရားကိုဆင်ခြင်တတ်သော မရဏာနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်းပြီး လိုက်ပါပို့ဆောင် သူတွေကို အသုဘရှုသူဟုဆိုခြင်းဖြစ်၏။
       အဲဒီလို မရဏာနုဿတိ ကမ္မဋ္ဌာန်း ဆင်ခြင်ပြီး အသုဘရှုသူသာ မသာတခေါက်လိုက်ပို့ခြင်းသည်၊ ကျောင်းဆယ်ခေါက်ရောက်တာနှင့် တူတယ်ဟုဆိုခြင်းဖြစ်၏။
       ယခုခေတ် အသုဘပို့သူတွေကိုတော့ မသာဆယ်ခေါက် ကျောင်းတခေါက်ဟု ပြောင်းပြန်ဆိုရမလို ဖြစ်နေ၏။ ဆိုသည့်စကားကိုက၊ အသုဘပို့ဟုဆိုသောကြောင့်၊ အသုဘရှုသူ မဟုတ်ဆိုတာပေါ်လွင်နေ၏။ သူသေသလို ငါလည်းသေမှာဘဲဟု ဆင်ခြင်တတ်သူ ပါကောင်းပါနိုင်ပါ၏။
       သို့သော် မဆင်ခြင်သူကတော့ အများစုဖြစ်နေတာ တွေ့မြင်နိုင်ပါ၏။ သေခြင်းတရားကို မေ့ဟန် ဆောင်ပြီး၊ မကြားခြင်သူတွေနှင့်၊ သေရမှာကိုကြောက်နေသူတွေက အများစုဖြစ်နေတာတွေ့ရပါ၏။ သေခြင်းတရားကို ဆင်ခြင်ဖို့ဝေးစွ၊ တချို့အသုဘပို့သူတွေသည်၊ ပျော်ပျော်ပါးပါးနှင့် ပျော်ပွဲစားထွက် လာသလားဟု ထင်ရ၏။
       တချို့ကြတော့လည်း၊ သားသမီးအကြောင်း၊ လင်အကြောင်း၊ မယားအကြောင်း၊ မိသားစုဆွေမျိုး အကြောင်း၊ စပ်မိစပ်ရာ အကြောင်းမျိုးစုံပြောဆိုကာ လိုက်ပါပို့ဆောင်တာကိုလည်း တွေ့မြင်ရ၏။ တချို့ကြတော့လည်း၊ အသုဘပို့မှ၊ အလှပြိုင်သူကပြိုင်၊ ဓနပြိုင်သူကပြိုင်၊ တသက်လုံးမသေတော့မည့် ပုံစံအမျိုးမျိုးကိုလည်း တွေ့မြင်ရ၏။
      တချို့ကလဲ ဟောင်ဖွာဟောင်ဖွာနဲ့ မရှိသည့်ဂုဏ်ကို ရှိအောင် လူအထင်ကြီးအောင်၊ မသာကိုခုတုံး လုပ်ပြီး၊ ကြံဖန်ကြွားဝါနေသော လူများစွာကိုလည်း တွေ့မြင်နိုင်ပါ၏။ တချို့ကြတော့လဲ အလုပ်ထဲမှာ ပင်းပန်းသမျှ၊ အသုဘပို့ ကားပေါ်ကြမှ တခေါခေါနဲ့အိပ်ပြီး၊ လိုက်ပါပို့ဆောင်တာတွေ့ရ၏၊ မသာကို မသာက လိုက်ပို့တာနှင့်တူတော့၏။ ဤလိုပုံစံမျိုးတွေဖြင့်၊ အသုဘပို့ဆောင်သူတွေသည်၊ မသာဆယ် ခေါက်လိုက်ပို့မှ၊ ကျောင်းတခေါက်ရောက်တာနှင့် ညီမျှတော့၏။
      အသုဘပို့သူမဟုတ်ဘဲ၊ အသုဘရှုသူဖြစ်အောင်၊ သေခြင်းတရားကို ဆင်ခြင်တတ်ဖို့အတွက် သတိ ပေးနှိုးဆော် ရခြင်းဖြစ်၏။ လောကတွင် မသိလို့ လုပ်မိခြင်းသည်၊ ခွင့်လွတ်နိုင်စရာ အကြောင်းရှိပါ၏။ သိလျှက်နှင့်၊ အသိတရား မရဘဲ မဆင်ခြင်ခြင်းသည်၊ မိုက်မဲခြင်းသာဖြစ်ပါ၏။
   ပညာရှိဟူသည်၊ မိမိမှားနေတာကို၊ မှာမှန်းသိပြီး၊ ၀န်ခံသည့်နေ့၊ ပြင်ဆင်သည့်နေ့သည်၊ ပညာရှိဟု ခေါ်ဆိုရပါ၏။ မိမိမှားမှန်းသိပါလျှက်နှင့်၊ ဆက်လက်မှားနေမယ်ဆိုလျှင်တော့၊ ပညာရှိဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ၊ မိုက်ကန်းကန်း ကြီးမိုက်တွေသာ ဖြစ်နိုင်၏။
 

Type your summary here. Type the rest of your post here.

No comments: