အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Friday, September 27, 2013

ကြုံရ-ဆုံရ-မလေးရှား-ဘုန်းဘုန်းဘ၀(၂၄)






     ရေကန်ကုသိုလ်ကြောင့် ၀မ်းသာရသော်လည်း ဧရာဝတီနာဂစ်သတင်းတွေ တက်လာတော့ဝမ်းမသာနိုင်တော့ပါ မြစ်တွေ ချောင်းတွေထဲတွင် အလောင်းတွေတန်းစီပြီး မျှောနေတာတွေ့ရသည့် မြင်ကွင်းကြောင့် ရင်မှာစို့သွားပါ၏ ရေမှာကျွမ်းကျင်သော ဧရာဝတီသားတွေသည် နာဂစ်လိုဘေးအန္တရာယ်ကြီးတဲ့ မုန်တိုင်းမျိုးနဲ့တွေ့တော့ လက်မြှောက်အရှုံးပေးကာ ရေထဲမှာပင် အတုံး အရုံးသေဆုံး ကုန်ပါ၏ နာဂစ်မုန်တိုင်းဆိုးက ဧရာဝတီသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်လိုက်ပါ၏။
     ဘုန်းကြီးတို့ မလေးရှားရောက် ဘုန်းကြီးတွေလည်း အစည်းအဝေးခေါ်ကာ နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူတွေကို ကူညီဖို့ အလှူငွေကောက်ခံဖို့ ဆုံးဖြတ်ချက်ချလိုက်၏ နောက်တကြိမ် အစည်းအဝေးခေါ်ယူပြီး ရရှိလာသော ငွေအမောက်နှင့် ရွှေဝါ ရောင် တော်လှန်ရေးတုံးက လှူဒါန်းထားသည့် ငွေတွေနှင့်ပေါင်းလိုက်တော့ အလှူငွေ ရင်းဂစ် တသိန်း လေးသောင်းကျော်ရှိ၏
ထိုငွေတွေကို တကယ်ဒုက္ခရောက်နေသော မြို့နယ် ၁၀-မြို့နယ်ကို သတ်မှတ်ကာ လှူဒါန်းဖို့ ဆုံးဖြတ်ကြ၏။
      ထိုအလှူငွေတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ ဧရာဝတီသားဖြစ်သော ဘုန်းကြီးအား တာဝန်ပေးလာသောကြောင့်
ဘုန်းကြီး၏ ရန်ကုန်မှဒကာ ဒကာမများထံ အကြောင်းကြားရပါတော့၏ ရန်ကုန် ဒကာ ဒကာမတွေလည်း ၀မ်းမြောက်ဝမ်းသာ သူတို့ပါလှူမည်ဆိုကာ မလေးရှားငွေမှ မြန်မာငွေချိန်းလိုက်တော့ ကျပ်သိန်း ၄၆၇-ခန့်ရရှိပါ၏ မြန်မာပြည် ဒကာ ဒကာမတွေ စုပေါင်း လှူဒါန်းငွေ သိန်း ၂၇၀-ခန့် စုစုပေါင်း သိန်း ၇၀၀-ကျော်ကို ၁၀-မြို့နယ် ခွဲဝေပြီး လှူဒါန်းရန် စီစဉ်ခဲ့ပါ၏။
       နာဂစ်ဒဏ်ခံ ပြည်တွေထံသို့ ရောက်အောင်လှူဒါန်းရခြင်းသည် ထောင်နခမ်းပေါ် လမ်းလျှောက်နေရတာနဲ့ တူပါ၏ အဲဒီ
အချိန်သည် စစ်အစိုးရမှ နိုင်ငံခြားသားများကို အ၀င်မခံသောကြောင့်ဖြစ်ပါ၏ ဘုန်းကြီးတို့လည်း ပထမတရက် ကော့မူး၊ကွမ်း ခြံကုန်း၊ဒေးဒရဲ၊ဖျာပုံ၊ဘိုကလေး၊ကျိုက်လတ်၊မအူပင်၊မြို့တို့ကို တရက်လှည့်လည်ခဲ့၏ လှိုင်သာယာ ဂိတ်ကနေပြီး နိုင်ငံခြား သားပါသောကားတွေ အကုန်လှည့်ပြန်တာတွေ့ရ၏ နိုင်ငံခြားကဆိုလျှင် လုံးဝအ၀င်မခံကြောင်း သဘောပေါက်သွား၏။
       ဘုန်းကြီးတို့ကိုလည်း ဘယ်သွားမလို့လဲဟု စစ်ဆေး၏ ဘုန်းကြီးတို့လည်း သွားအလှူခံမလို့ဟု အရွဲ့တိုက်ပြီး ပြောလိုက်၏ မလေးရှားကဆို ၀င်ခွင့်ရမှာမဟုတ်ပါ ဘုန်းကြီးတို့လည်း ဓါတ်ပုံတွေ ဗွီဒီယိုတွေ သူတို့မမြင်အောင်ယူလာပြီး သူတို့လစ်တာနဲ့ ရိုက်ကြ၏ ဓါတ်ပုံ ဗွီဒီယို ရိုက်လျှင် ဖမ်းသည်ဟုလည်း သတင်းထွက်နေတော့ သူတို့မသိအောင်ရိုက်ခြင်းဖြစ်၏ ဒေးဒရဲတံတား ပေါ်ရောက်တော့ နာဂစ်ဒဏ်ခံ ဒေးဒရဲမြို့၏ မြင်ကွင်းကို အပေါ်စီးမှ ထင်ထင်ရှားရှား မြင်ရတော့ ကားပေါ်မှ ဗွီဒီယိုကို ဘုန်းကြီး ကိုယ်တိုင်ရိုက်နေ၏ တံတားအဆင်းတွင် စောင့်ဖမ်းနေသောပုဂ္ဂိုလ်တွေနှင့် ပက်ပင်းတိုးကာ မိပါလေတော့၏။
       ကားမောင်းသော ဒကာမြင့်ကြည်မှ ဗွီဒီယို ရိုက်တာ တွေ့သွားပြီဘုန်းကြီး ကိစ္စမရှိဘူး ကားရပ်ပေးလိုက်ပါ ဘုန်းကြီး ကြည့် ရှင်းပါ့မယ်ဆိုပြီး ကာရပ်လိုက်၏ သူတို့တတွေလည်း ကားထံသို့ စူးစူးရဲရဲ အကြည့်ဖြင့် ချဉ်းကပ်လာကြ၏ ဘုန်းကြီးလည်း ကား မှန်ချကာ သူတို့မမေးခင် ကိုကဘဲ တရစပ်မေးပလိုက်၏ ဒကာတို့ ဒေးဒရဲတိုက်ကျောင်းကို ဘယ်လိုသွားရလည်းဟုမေးလိုက်၏ ဒီကနေသွားလျှင် ညာဘက်ကွေ့ပြီးသွားရတယ်ဘုရား ဒေးဒရဲကို တခေါက်မှ မရောက်ဘူးလို့ တယောက်လောက်လိုက်ပို့ပါလား တပည့်တော်တို့ မအားလို့ပါဘုရား။
  လုပ်ပါဒကာရဲ့ ဘုန်းကြီးတို့က လမ်းမှားပြီး အချိန်ကုန်မှာ စိုးလို့ အကူအညီတောင်းနေတာပါ ဘုန်းကြီးက ဘိုကလေးထိအောင် သွားရမှာ ထိုမှပြန်လှည့်ပြီး ကျိုက်လတ်-မအူပင်ပင်မှတဆင့် ရန်ကုန်ပြန်ရမှာမို့ အချိန်မှီအောင် လိုက်ပို့စေချင်ပါတယ် တပည့် တော်တို့ တကယ်မအားလို့ပါ အားရင်လိုက်ပို့ပါတယ်ဘုရား ကဲဒါဆိုလျှင်လဲကောင်းပြီ လမ်းညွန်ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ် ဟုပြောဆိုပြီး ကားမောင်းထွက်ခဲ့၏ ဘုန်းကြီးကိုစစ်ဆေးမေးမြန်းဖို့ ဆင်းလာသော သူတို့တတွေလည်း ပစပ်အဟောင်း သားနှင့် ကျန်ခဲ့ပါတော့၏ သူတို့မမေးခင် ကိုယ်ကပဲ တလစပ် မေးပလိုက်တော့ သူတို့ဘာမှ မမေးလိုက်ရတော့ပါ ဘုန်းကြီးမို့လို့ လည်း မတားတာနဲ့ တူပါ၏ လူတွေဆိုလျှင် ပြဿနာတော့ ရှာမှာသေချာ၏။
 

Type your summary here. Type the rest of your post here.

No comments: