အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာစ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။

Thursday, October 8, 2015

အသုဘနှင့်-ရှုသူ-ပို့သူ(၁၆)





    အရှင်ဘုရား တပည့်တော် မပြောပရစေနဲ့ဘုရား၊ တပည့်တော်ပြောရမှာ ရှက်လို့ပါဘုရားဟု၊ လျှောက် ထားလေ၏၊ နတ်သမီး သင်ပြောသာပြောပါဟု မထေရ်မြတ်ကြီး မိန့်တော်မူလိုက်၏။ မထေရ်မြတ်၏အမိန့် ကို မလွန်ဆန်နိုင်သည့်အတွက်၊ ထုတ်ဖေါ်ပြောကြားရလေတော့၏။
   အရှင်ဘုရား တပည့်တော် အရင်ဘ၀က ဘာကုသိုလ်မှ မပြုလုပ်ခဲ့ပါဘုရား၊ ကုသိုလ်လုပ်နေတဲ့ ခင်ပွန်း ကိုလည်း အကူအညီ မပေးတဲ့အပြင်၊ ခင်ပွန်းပြုလုပ်နေတဲ့ ကုသိုလ်ဝတ်တွေကိုလည်း၊ သဒ္ဓါတရားမွဲ၊ နှမြောတွန့်တိုသည့်အတွက် ဖျက်လိုဖျက်စီး လုပ်ခဲ့ပါတယ်ဘုရား။
     ထိုအကုသိုလ်တွေ အကျိုးပေးပြီး၊ အလွန်ဆင်းရဲသော ပြိတ္တာဘ၀ ရောက်ရှိနေလို့၊ အရှင်ဘုရား သူငယ်ချင်း၊ တပည့်တော်၏၊ ငါးဘ၀မြောက်က သားဖြစ်သူ အရှင်သာရိပုတ္တရာမထေရ်၊ ကုသိုလ်ပြုလုပ်၍ အမျှဝေပေးတာကြောင့်၊ ယခုလို နတ်စည်းစိမ်ကို ခံစားစံစားရပါသည်ဟု လျှောက်ထားလေ၏။
     အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်မှ၊ နတ်သမီးပြောတဲ့ အကြောင်းအရာတွေကို၊ ရှင်တော်မြတ်ဗုဒ္ဓအား လျှောက်ထားလေ၏၊ ရှင်တော်မြတ်ဗုဒ္ဓမှ၊ ဝေနေယျတွေကို၊ အကျိုးများနိုင်သည့်အတွက်၊ ဤတရားကို ဟောကြားခြင်းဖြစ်ပါ၏။ ဤဇာတ်တော်ပါ အကြောင်းအရာတွေနှင့်၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဟု မိမိတို့ ကိုယ်ကို မိမိတို့ အမွန်းတင်နေသော ရွှေမြန်မာတွေ၏ လုပ်ဆောင်ချက်တွေကို ကိုက်ညီမှု ရှိ မရှိ ၊ သုံးသပ် ဆင်ခြင်ကြည့်ရမှာဖြစ်၏။
     သူဋ္ဌေးကြီးသည် ရခဲလှသည့် လူ့ဘ၀တွင်၊ လူနှင့်တူအောင် လူပီသအောင်ဆိုပြီး၊ ဆင်းရဲချမ်းသာမရွေး၊ စွန့်ကြဲ ပေးကမ်းလှူဒါန်းခဲ့၏။ ရိုသားဖြောင့်မတ်ခြင်းဆိုသည့် ကိုယ်ကျင့်သိက္ခာတရားကိုလည်း အသက်နှင့် ထပ်တူ ကာကွယ်စောင်ရှောက်ခဲ့၏။ ဤဒါနနဲ့သီလကြောင့် လူ့ဘ၀မှ နိဂုံးချုပ်သောအခါ လူ့ထက်သာသော နတ်ပြည်တွင်၊ နတ်သားဖြစ်ကာ နတ်စည်းစိမ်တွေကို ရရှိခံစားရ၏။
     လူ့ပြည်က သူဋ္ဌေးကြီးရဲ့ ၀ိညာဉ်ကောင်လေး နတ်ပြည်ရောက်သွားခြင်းမဟုတ်ပါ၊ သူဋ္ဌေးကြီး ပြုလုပ်ခဲ့ သည့် ကုသိုလ် အကြောင်းကြောင့်၊ ကုသိုလ်တွေ အကျိုးပေးပြီး နတ်ပြည်မှာ နတ်သား ဘွားကနဲဖြစ်လာ ခြင်းဖြစ်၏။ ကြားခံ ပစ္စည်း ၀ိညာဉ်ကောင်ဆိုတာ လုံးဝမရှိပါ၊ ကုသိုလ်အကြောင်းကြောင့် ကုသိုလ်အကျိုး ပေးတဲ့ အနတ္တ၀ါဒ ဖြစ်ပါ၏။
     သူဋ္ဌေးကတော်ကြီးသည် ရခဲလှသည့် လူ့ဘ၀ကို လျှစ်လျှူရှုကာ၊ လူနှင့်တူအောင်၊ လူပီသအောင် ဆောင်ရွက်နေသော၊ ခင်ပွန်းဖြစ်သူ၏၊ ကုသိုလ်ဒါနတွေကို၊ ကာယကံအားဖြင့်လည်း ကိုယ်တိုင်ဖျက်စီး ခဲ့၏။ ၀စီကံအားဖြင့်လည်း လွန်လွန်ကျူးကျူး စကားတွေဖြင့် ပြောဆိုခဲ့၏။
     ဤအကုသိုလ်ကံတွေကြောင့် လူ့ထက်နိမ့်ကျသော လူဖြစ်ရှုံးသော ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကယ် ဆိုသည့် အပါယ်လေးဘုံထဲက၊ အလွန်ဆင်းရဲသော ပြိတ္တာဘ၀ကို ခံစားရသည့် အကျိုးတရားတွေဖြစ်၏။
ဝိညာဉ်ဆိုသည့်  အတ္တကောင်လေး ပြိတ္တာဆိုသည့် (တစ္ဆေ သရဲ ) ဘ၀ကိုရောက်သွားခြင်းမဟုတ်ပါ။
   အနတ္တ၀ါဒ-ဆိုတဲ့ အကြောင်းအကျိုးဝါဒကြောင့်သာ၊ သူဋ္ဌေးကတော်ကြီး အကုသိုလ် အကြောင်းကြောင့်၊ အကုသိုလ် အကျိုးပေးပြီး ပြိတ္တာဘ၀မှာ ဘွားကနဲ ဖြစ်ခြင်းဖြစ်၏။ ကြားခံပစ္စည်း ၀ိညာဉ်အတ္တကောင် လုံးဝ မရှိပါ။ လူအများစုသည်၊ အတ္တ၀ိညာဉ်ကောင်နှင့် ပြိတ္တာခေါ်(တစ္ဆေသရဲ)ကို အတူတူဟု ထင်နေခြင်းသည် မှားသောအမြင်၊ မှားသောအထင်သာဖြစ်၏။
    ထိုကဲ့သို့ထင်အောင်မြင်အောင်လဲ၊ ရုပ်ရှင်ဗွီဒီယိုတွေမှာတွေ့မြင်နေရသောကြောင့်ဖြစ်၏။ ဒါရိုက်တာတွေ ဇာတ်ညွန်းရေးဆရာတွေ ရုပ်ရှင်သရုပ်ဆောင်တွေသည်။ မိမိတို့ ကိုယ်းကွယ်သော ထေရ၀ါဒ အနတ္တ၀ါဒ ကို တကယ်ပင် မသိလို့လား၊ အတ္တ၀ါဒက လက်ခံထားတဲ့ ၀ိညာဉ်ကောင်ကိုသာ သရဲကားတွေမှာ ဇာတ် ညွန်းဆရာကရေး၊ ဒါရိုက်တာကရိုက်။ သရုပ်ဆောင်တွေက သရုပ်ဆောင်ဆိုတော့၊ ရုပ်ရှင် ဗွီဒီယိုကြည့် ပရိတ်သတ်တွေ အတ္တ၀ါဒကို မိမိတို့ကိုယ်းကွယ်သည့် အနတ္တ၀ါဒဟု ထင်ယောင်ထင်မှား ယုံကြည်လာ ကြခြင်းဖြစ်၏။
 


Type your summary here. Type the rest of your post here.

No comments: